ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအနီး တိုက်ပွဲတွင်း မြန်မာအစိုးရစစ်တပ်မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအနီးတွင် (၀၃.၀၄.၂၀) ရက်နေ့ နံနက်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော်နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း သာစည်ရွာရှိ ဒေသခံများမှ တဆင့် သိရသည်။

ဖြစ်စဉ်မှာ မြန်မာအစိုးရစစ်တပ် ယာဉ်တန်းတခုသည် သာစည်ကျေးရွာ တံတားအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် ပြန်လည်ပစ်ခတ်ရာ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ကျေးရွာ အတွင်းနေထိုင်သူများမှာလည်း ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်။

ထို့ပြင် မြန်မာအစိုးရစစ်တပ်၏ ရမ်းသမ်းပစ်သတ်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းသူတဦး သေဆုံးပြီး သက်ကြီးရွယ်အို (၈) ဦးခန့် ကျေးရွာတွင်း ပိတ်မိနေကြောင်းနှင့် အပြစ်မဲ့ ကျေးရွာသား (၅) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ်မှ ဖမ်းဆီးထားသော အပြစ်မဲ့ ကျေးရွာသား (၅) ဦးမှာ

၁။ မောင်မြင့်ထွန်း ၂၀ နှစ် (ဘ) ဦးမောင်စံသိန်း

၂။ ဦးတင်ရွှေ ၁၇ နှစ် (ဘ) ဦးမောင်ကြည်

၃။ ဦးတင်ရွှေ ၄၅ နှစ် (ဘ) ဦးစံရွှေသာ

၎။ အောင်ကျော်ဆန်း ၄၇ နှစ် (ဘ) ဦးအေးကျော်ဝင်း

၅။ ဦးအောင်ချေ ၃၃ နှစ် (ဘ) ဦးအောင်စိန်အေး တို့ ဖြစ်ကြသည်။

မြန်မာအစိုးရစစ်တပ်မှ ကျေးရွာ ဝင်လမ်း၊ ထွက်လမ်းများကို ပိတ်ထားသဖြင့် ရွာတွင်ပိတ်မိနေသည့် သက်ကြီးရွယ်အိုများအတွက် စိုးရိမ်ရကြောင်း အမည်မဖော်လိုသူတဦးမှ AASYC သို့ သတင်းပေးပို့လာပါသည်။

ယခုကဲ့သို့ မြန်မာအစိုးရစစ်တပ်မှ အပြစ်မဲ့ ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်း၊ ရမ်းသမ်း ပစ်ခတ်ခြင်းနှင့် ကျေးရွာကိုပိတ်ဆို့ထားခြင်းကြောင့် ရခိုင်ပြည်သူပြည်သားများမှာ ကျီးလန့်စာစား ဘဝဖြင့် လူသားလုံခြုံရေး (Human Security) ကင်းမဲ့လျက်ရှိပေသည်။

ရခိုင်ပြည်သူလူထု၏ နစ်နာချက်များနှင့် အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင်ရန် အချက်အလက် ပေးပို့ကြသော လူပုဂ္ဂိုလ်များအား AASYC မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)