မြန်မာအစိုးရစစ်တပ်မှ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများအား နိုင်ငံတကာသို့ တင်ပြနိုင်ရန်နှင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွားနိုင်ရန် သတင်းအချက်အလက် စုဆောင်းရာတွင် ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းချက်

(၃၁.၀၃.၂၀) ရက်နေ့၊ ညနေတွင် ကျောက်တော်မြို့ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာသို့ မြန်မာအစိုးရစစ်တပ်မှ စစ်သည်အင်အား (၁၅၀) ခန့် ရောက်ရှိလာပြီး (၀၁.၀၄.၂၀) ရက်နေ့၊ နံနက် (၁၀) နာရီတွင် ထိုကျေးရွာမှ သတင်းပေါက်ကြားမှု ရှိသည်ဟုဆိုကာ ရွာကိုဝိုင်း၍ ရွာသားများအား စစ်ဆေးမေးမြန်းလျက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် အပြစ်မဲ့ ရွာသူရွာသား (၆) ဦးအား ပစ်သတ်လိုက်ကြောင်းသိရသည်။

ပစ်သတ်ခံရသူများမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဇံလှ (၆၁) နှစ်နှင့် ရပ်မိရပ်ဖများဖြစ်သော ဦးစိုးချေမောင် (၅၆) နှစ်၊ ဦးငမဲ (၆၀) နှစ်၊ ဦးမောင်စိုးသိန်း (၃၈) နှစ်၊ ဒေါ်မဆန်းယဉ် (၄၀) နှစ်နှင့် ဒေါ်မမြဝင်း (၅၁) နှစ်တို့ဖြစ်ကြသည်။ သတင်းကြားသိရချိန်တွင် စစ်တပ်မှ အဆိုပါရွာအား မီးရှို့နေပြီး နံနက် (၁၁) နာရီအချိန်ထိ ပတ်ဝန်းကျင်တွင် ဂျက်တိုက်လေယဉ်များ ပျံဝဲနေကြောင်းသိရသည်။

နောက်ဖြစ်စဉ်တခုမှာ မြေပုံမြို့နယ်၊ ဖားပြိုကျေးရွာရှိ နေအိမ် (၃) အိမ်အား မြန်မာအစိုးရစစ်တပ်မှ မီးရှို့ကာ အသက် (၇၀)ကျော် အမျိုးသမီးတဦှးနှင့် အသက် (၃) နှစ်မှ (၇) နှစ်ကြား ကလေး (၂) ဦးကို မီးထဲသို့ ပစ်သွင်းခဲ့ကြောင်း သိရသည်။

ယခုသတင်း ဟုတ်-မဟုတ်ကို သတင်းမှန်ကြားသိရသော ပြည်သူလူထုမှ အတည်ပြုပေးကြပါရန်နှင့် ယခုကဲ့သို့ ဗမာစစ်တပ်မှ ကျူးလွန်သည့် သတင်းများအား အတိအကျရပါက ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်သားနှင့် လူငယ်များအစည်းအရုံး (All Arakan Students’ and Youths’ Congress – AASYC) Facebook Page မှ သတင်းပေးပို့ အကြောင်းကြားစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

မိမိတို့ (AASYC) အနေဖြင့် ပေးပို့လာသည့်သတင်းများကို စုံစမ်းအတည်ပြုကာ စစ်ရာဇဝတ်မှုကျူးလွန်သည့် မြန်မာအစိုးရ စစ်တပ်နှင့် ရာဇဝတ်ကျူးလွန်သူများကို လွတ်ငြိမ်းချမ်သာခွင့်ပေးထားသည့် မြန်မာအစိုးရတို့အား နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိုက်သင့်သလို အရေးယူသွားနိုင်ရန် တင်ပြတောင်းဆိုသွားမည်ဖြစ်သည်။

AASYC သည် (၈၈) အရေးတော်ပုံနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် ရခိုင်ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းများအား ရခိုင်ပြည်သားတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး ရည်မှန်းချက်များဖြင့် စုစည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ (၂၀၀၈) စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံကိုလက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်နေသာ သီးခြားလွတ်လပ်သည့် ရခိုင်အမျိုးသား လူငယ် တော်လှန်ရေး အဖွဲ့အစည်းတခုဖြစ်သည်။

မခင်မာထွေး
သုတေသနနှင့် မှတ်တမ်းဌာန တာဝန်ခံ
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)