ရခိုင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလအတွင်း ပြည်သူလူထုမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ကြေငြာချက်

နေ့စွဲ – ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်။

စာအမှတ် – ရကလစ/ဗဟို/ထုတ်ပြန်/ဝ၁/၂ဝ၂၃။

၁။ မြန်မာနိုင်ငံအနှံ့အပြား၌ လက်ရှိဖြစ်ပွါးလျက်ရှိသော လက်နက်ကိုင်တိုက်ပွဲများသည် ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိရေး အစရှိသည့် လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ လိုလားတောင့်တချက်များကို လျစ်လျူရှုကာ နယ်ချဲ့လူမျိုးကြီး ဝါဒနှင့် အာဏာရှင်စနစ်အားကျင့်သုံး၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရနည်းလမ်းဖြင့် ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့် မြန်မာအစိုးရအဆက်ဆက်၏ မိုက်လုံးကြီးမှုများမှ ပေါ်ထွက်လာသော နောက် ဆက်တွဲရလာဒ်များပင် ဖြစ်ပေသည်။

၂။ မြန်မာစစ်အစိုးရအဆက်ဆက်သည် ပြည်သူလူထုအား ရန်သူသဖွယ် အစဉ်အမြဲ သဘောထား ဆက်ဆံတတ်သည်နှင့်အညီ ယနေ့ရခိုင်ပြည်တွင် တိုက်ပွဲစတင်၍ တရက်မပြည့်မီအချိန်အတွင်း၌ ၎င်းတို့၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦး သေဆုံးကာ (၈) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူ (၄၅) ဦးခန့် ရှိပြီဖြစ်သည်။ ထို့အပြင် လက်နက်ကိုင် တိုက်ပွဲကို အကြောင်းပြ၍ ကုန်စည်ပို့ဆောင်မှုနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကိုလည်း ဖြတ်တောက်လိုက်သည့်အတွက် အခြေခံလူတန်းစားများ အနေဖြင့် ကုန်ဈေးနူန်းမြင့်မားမှုဒဏ်ကို နေ့ချင်း၊ ညချင်း  ကြုံတွေ့နေရပါသည်။ ယခုကဲ့သို့ နယ်ချဲ့ပယောဂကြောင့် ရခိုင်ပြည်သူတရပ်လုံး လူမှု-စီးပွါးရေး အကြပ်အတည်း ဆိုက်နေချိန်တွင် ဓနဥစ္စာပြည့်စုံသော စီပွါးရေးလုပ်ငန်းရှင်များ အနေဖြင့် အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး၏ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံစားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများကို မတော်မတရား အမြတ်ထုတ်ရောင်းချခြင်းမှ အမျိုးသားရေးအသိတရား ရှေ့ထား၍ ရှောင်ကြဉ်ကြစေလိုပါသည်။ အခြားတဘက်တွင်လည်း လူထု၏ အထွေထွေအကြပ် အတည်းနှင့် မကျေနပ်ချက်များကို အခွင့်ကောင်းယူလျက် အမျိုးသားရေးခေါင်းစဉ် အမျိုးမျိုးတပ်၍ သောင်းကျန်းလုယက်လိုသော အခွင့်အရေးသမားများကိုလည်း ပြည်သူလူထုအနေဖြင့် အထူးသတိ ပြုရန် လိုပေသည်။

၃။ မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) သည် ရခိုင်ပြည်သူ များ၏ လိုအင်ဖြစ်သည့်  အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရှိရေးတို့အပြင်  ဒီမိုကရေစီရေး၊ လူအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်  ရပ်တည်တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အဖွဲ့အစည်းတရပ်ဖြစ်သည်နှင့်အညီ အပြစ်မဲ့ပြည်သူများအား နိုင်ငံရေးယုံကြည်ချက် ကို အခြေခံ၍ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ လူနေပတ်ဝန်းကျင်၊ ဘာသာရေးပရဝုဏ်နှင့် ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုအဆောက်အဦးများရှိရာ နေရာများတွင်  တိုက်ပွဲဖော်ဆောင်ခြင်း၊ အများပြည်သူ  အသုံးပြုသည့် လမ်းကြောင်းများ၊ အသက်ရှင်ရပ်တည်ရေး အတွက် လုပ်ကိုင်စားသောက်ရန် ပုံမှန်သွားလာနေကျနေရာများတွင် မိုင်းထောင်ခြင်း၊ လူသား ဒိုင်းကာအဖြစ် အသုံးပြုခြင်း အစရှိသည့် လူမဆန်သော လုပ်ရပ်များကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းက ကျူးလွန်သည် ဖြစ်‌စေ ရှုံ့ချကန့်ကွက်သလို  နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိအောင် လည်း စနစ်တကျ မှတ်တမ်းတင်၍ လိုအပ်သလို ထုတ်ပြန်သွားမည်ဖြစ်ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် အနိမ့်ဆုံးသော စစ်ဘက်ဆိုင်ရာကျင့်ဝတ် (Military Code of Conduct) များကို တင်းကြပ်စွာ လိုက်နာကြရန် တိုက်တွန်းအပ်သည်။

၄။ ရခိုင်ပြည်သူလူထု တရပ်လုံးအနေဖြင့်လည်း အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလတွင် လူမျိုး၊ ဘာသာ မခွဲခြား၊ ဆင်းရဲ၊ ချမ်းသာ၊ ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ အမျိုးသားရေးတာဝန်ကို ကျရာ ကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်လျက် ရခိုင်အချင်းချင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ရပ်တည်ကာ တမျိုးသားလုံး လိုလားတောင့်တနေကြသော အမျိုးသားရေးပန်းတိုင်သို့ အလျင်အမြန် ရောက်ရှိပါစေ ကြောင်း ဆန္ဒမွန်ပြုလျက် ဤကြေငြာချက်အား ထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

အောက်ပါ Link တွင်  PDF ဖိုင်ကို ရယူပါ။

https://www.docdroid.net/DCpILCF/statement-for-challenges-in-arakan-pdf