“လောင်းရိပ်အောက်ကအသံများ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

 

နေ့စွဲ – ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်။

၁။    ရခိုင်ပြည်ရှိ အမျိုးသမီးများမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ဦးဆောင်မှုနှင့်ပါဝင်မှု အားနည်းနေပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အလွန်နောက်ကျနေသည်။ ထို့အပြင် အမျိုးသမီးများမှာ ကဏ္ဍအသီးသီး၌ တန်းတူအခွင့်အရေး မရှိသလို အခြေခံရပိုင်ခွင့် အခွင့်အရေးများလည်း ဆုံးရှုံးနေပြီး ခွဲခြားဆက်ဆံခံရမှုနှင့်အတူ အကြမ်းဖက်ခံနေရသော သားကောင်များအဖြစ်သာ ရှိနေသည်။

၂။    ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ အစည်းအရုံး (AASYC) အနေဖြင့် ရခိုင်ပြည် တွင် ကျား-မ ရေးရာ တန်းတူညီမျှမှု ရှိလာစေရန်၊ အမျိုးသမီးများ အပေါ်တွင် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု လျော့နည်း ပပျောက်လာစေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်မားလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်သော ရခိုင်လူ့အဖွဲ့ အစည်းတရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အောက်ဖော်ပြပါ ကဏ္ဍ (၇) ရပ်ကို အခြေခံကာ “လောင်းရိပ် အောက်ကအသံများ” အမည်ရှိ ရခိုင်ပြည်တွင်း အမျိုးသမီးအခွင့်အရေးနှင့် ကျား- မ တန်းတူရေးဆိုင်ရာ  ကနဦးလေ့လာဆန်းစစ်ချက် အစီရင်ခံစာအား ထုတ်ဝေလိုက်သည်။

(၁) နိုင်ငံရေးနှင့် ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး

(၂) လူမှုရေးနှင့် ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး

(၃) စီးပွားရေး နှင့် ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး

(၄) ယဉ်ကျေးမှုနှင့် ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး

(၅) သဘာဝ ပတ်ဝန်းကျင်နှင့် ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး

(၆) ဖွံဖြိုးတိုးတက်ရေးနှင့် ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး

(၇) ကျား-မတန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေး အထွေထွေ

၃။    ဤအစီရင်ခံစာကို ရခိုင်ပြည်မှ အမျိုးသမီး အခွင့်အရေးအတွက် ဆောင်ရွက်နေကြသည့် အမျိုးသမီး အဖွဲ့ အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ အမျိုးသမီးခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့ အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊  တက်ကြွလှုပ်ရှားသူ အမျိုးသမီးများကို တွေ့ဆုံမေးမြန်းခြင်း၊ နယ်ပယ်အသီးသီး၊ ဒေသအသီးသီးမှ အမျိုးသမီးများကို စစ်တမ်းကောက်ယူ ခြင်းများ ပြုလုပ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများမှ ထွက်ရှိလာသည့် ရလဒ်များကို အခြေခံ၍ ပြုစုရေးသား ထားခြင်းဖြစ်သည်။

၄။    ရခိုင်ပြည်ရှိ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများတွင် အမျိုးသမီးများပါဝင်မှု အားနည်းခြင်း၊  အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုခြင်းနှင့် ခွဲခြားဆံခြင်းများကြောင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး နှင့် ပဋိပက္ခဖြေရှင်းရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ ဦးဆောင်မှုနှင့် ကိုယ်စားပြုမှု အားနည်းနေရခြင်း ဖြစ်ကြောင်း   ရှေ့ရိုးစွဲအစဉ်အလာအယူအဆများ၊  ဆင်းရဲမွဲတည်မှု၊ လိင်ကွဲပြားမှုနှင် နိုင်ငံရေး မတည်ငြိမ်မှု စသည့်တို့အပေါ်တွင် အခြေခံ၍ အမျိုးသမီးများမှာ အိမ်တွင်း အကြမ်းဖက် ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံ ရမှုများ ရှိနေကြောင်း၊ ခွဲခြားဆက်ဆံခံရမှုများ ကြောင့် အမျိုးသမီး များမှာ စွမ်းဆောင်ရည် နိမ့်ပါးနေ ရခြင်းဖြစ်ပြီး ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင် ရွက်ခွင့် မရရှိခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

၅။    နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ကျား-မ တန်းတူ ညီမျှမှုအပေါ်တွင် အခြေခံခြင်းဖြစ်ရာ ကဏ္ဍအသီးသီး ၌ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခွင့် ရရှိရန်လိုအပ်ပြီး မည့်သည့်အကြောင်းရင်းနှင့်မျှ  အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်စော်ကားမှုမျိုး မလုပ်ကြရန်၊ အမျိုးသမီးများ၏ ဘဝကို စာနာနားလည်ပေးပြီး ကောင်းမွန်သည့် လူနေမှုဘဝကို ဝိုင်းဝန်းဖော်ဆောင်ကြရန်  လူအဖွဲ့အစည်း တရပ်လုံးကို တိုက်တွန်းအပ်ပါ သည်။

၆။    အမျိုးသမီးအခွင့်အရေး၊ ကျား-မတန်းတူရေးနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများ၊ ပညာပေးမှုများ လုပ်ဆောင်နေကြသော်လည်း လက်တွေ့နယ်ပယ်တွင် လက်ခံရယူကျင့်သုံးမှုနှင့် နားလည်သဘောပေါက်မှု အားနည်းနေသေးသဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်သည်။

၇။    တွေ့ဆုံမေးမြန်းမှု လုပ်သည့်အခါတွင် မူဆလင်အသိုင်း အဝိုင်းရှိ အမျိုးသမီးများမှာ ဖြေဆိုရန် တွန့်ဆုတ်နေကြ သဖြင့် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များ အနေဖြင့်လည်း ၎င်းတို့အသံများ ထွက်ပေါ်လာနိုင် အောင် ဝိုင်းဝန်းကြိုးပမ်းသင့်သည်။

၈။    အစီရင်ခံစာ၌ ကဏ္ဍတခုချင်းစီတွင် တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များပါရှိသဖြင့် ကျား- မ တန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေးကာကွယ်မြင့်တင်မှုတို့ကို ဆောင်ရွက်ရန်  ဥပဒေနှင့် မူဝါဒများ ရေးဆွဲ ချမှတ်ရာ၌ သော်လည်းကောင်း၊ ရခိုင်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် ရခိုင်ပြည်သစ် တည်ဆောက်ရာ၌သော်လည်းကောင်း တစုံတရာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မိမိတို့မှ ယုံကြည်ပါသည်။

၉။    ဤ အစီရင်ခံစာအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြန့်ချိရန် နှောင့်နှေးကြံ့ကြာခဲ့သဖြင့် ယခုမှ ဖြန့်ချိနိုင်ခြင်းဖြစ်ပါသည်။

ဆက်သွယ်ရန် –

မခင်မာထွေး

အထွေထွေအတွင်းရေးမှူး

Phone – +66 (0) 0946062178,

Signal: +959785158247

“လောင်းရိပ် အောက်ကအသံများ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်နှင့် အစီရင်ခံစာ PDF ဖိုင်အား အောက်ပါလင့်တွင် ရယူနိုင်ပြီး အစီရင်ခံစာ အပြည့်အစုံအား Online တွင် အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

“လောင်းရိပ် အောက်ကအသံများ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

https://aasyc.org/wp-content/uploads/2024/01/AASYC-Women-Right-and-Gender-Eqaulity-Report.pdf

“လောင်းရိပ် အောက်ကအသံများ” အစီရင်ခံစာ

https://aasyc.org/wp-content/uploads/2024/01/AASYC-Press-Release-Women-Right-and-Gender-Eqaulity-Report.pdf

“လောင်းရိပ် အောက်ကအသံများ” အစီရင်ခံစာ အပြည့်အစုံအား Online တွင် တိုက်ရိုက် ဖတ်ရှုရန်

https://heyzine.com/flip-book/df76997d47.html