“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်။

၁။        ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးခြင်း (၂၃၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စာပေဟောပြောပွဲအား ဒေသအာဏာပိုင်များက ပိတ်ပင်တားမြစ်လိုက်သဖြင့် ပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ ကြရာ ဒေသအာဏာပိုင်များမှ အကြမ်းဖက်နှိမ်နင်း ခဲ့သည့်အတွက် ဆန္ဒပြပြည်သူ (၇) ဦးသေဆုံးကာ (၁၂) ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ (၁၂) ဦးထဲမှ (၄) ဦးမှာ ဆေးရုံမှ ထွက်ပြေး လွတ်မြောက်၍ (၈) ဦးမှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

၂။         ဤဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် ထိုစာပေဟောပြောပွဲတွင် ဟောပြောရန် ဖိတ်ကြားထားသည့် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှုပုဒ်မများဖြင့် စွပ်စွဲကာ ကြီးလေးသောပြစ်ဒဏ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နိုင်ငံရေးအင်အားစုများ၏ လူထုတွေ့ဆုံပွဲ နှင့် အခမ်းအနားများ ကျင်းပခြင်းကို အစိုးရအာဏာပိုင်များက ပိတ်ပင်တားမြစ် ကန့်သတ်မှုများ ပြုလုပ် လာခြင်းအထိ ဆိုးဝါးသောဖြစ်ရပ်များ ပေါ်ပေါက်စေခဲ့သည်။

၃။        မြောက်ဦးလူသတ်ပွဲဖြစ်ရပ်သည် ပွင့်သစ်စ ဒီမိုကရေစီနယ်ပယ် (Democratic Space) ကို ဘောင် ကျဉ်း သွားစေခဲ့ကာ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူ (Stakeholders) များအနေဖြင့် ဖြစ်စဉ်အပေါ်၌ ယုံကြည်မှုကိုပါ ယုတ်လျော့ ကျဆင်းလာစေခဲ့သည်။

၄။        “ခွင့်တူညီမျှ ဝါဒဖြူစင်သည့်ပြည်” ဟူ၍ ဝိသေသပြုကြသော ၁၉၄၈ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်မှ ၁၉၄၈ခုနှစ်အထိ ဗြိတိသျှကိုလိုနီဘဝသို့ ကျရောက်သည့် သက်တမ်း (၆၃) နှစ်၊ ၁၉၄၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗြိတိသျှကိုလိုနီဘဝမှ လွတ်မြောက်သည့်သက်တမ်း (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း သီပေါမင်းပါတော်မူနေ့ အခမ်းအနားများကို ယနေ့အချိန်အထိ ခွင့်ပြုချက် တောင်းခံစရာမလိုဘဲ တခမ်းတနားကျင်းပနေကြဆဲဖြစ်သလို၊ ဆွေတော်မျိုးတော် ဂူသင်္ချိုင်းများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားအများကို နှစ်စဉ်လိုလို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြဆဲဖြစ်သည်။ ထိုနည်းတူစွာ ခေတ်အဆက်ဆက် ဗမာဘုရင်များစိုးစံရာ နန်းတော်ရာများ အား ပြည်ထောင်စုတခုလုံး၏ ရန်ပုံငွေဖြင့် ပြန်လည်ဖော်ထုတ် မွမ်းမံခြင်းတို့ကို အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ကို မြင့်မားစေသော တိုင်းချစ် ပြည်ချစ် ဆောင်ရွက်ချက်များအဖြစ် နိုင်ငံတော်အစိုးရ အဆက် ဆက်မှ ကူညီပံ့ပိုး ဂုဏ်ပြုလျက် ရှိကြသည်။

၅။        သို့ရာတွင် ပဒေသရာဇ်စနစ်တိုက်ဖျက်ရေး အမည်ခံ၍ ရှမ်းစော်ဘွားပိုင် ဟော်နန်းများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကြောင်းပြ၍ မြောက်ဦးမြို့ရှိ ရခိုင့်ယဉ်ကျေးမှု အဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ ဗမာမဟုတ်သော လူမျိုးစုများ၏ သမိုင်းမှန် အား ပြန်လည်ဖော်ထုတ်ခြင်းကို အမျိုးသားရေးအစွန်းရောက် လုပ်ရပ်များအဖြစ် သမုတ်လျက် နည်း လမ်းမျိုးစုံဖြင့် ပိတ်ပင်၍ သုတ်သင်ချေမှုန်းရန်ကြိုးစားခြင်း အစရှိသော လုပ်ရပ်များအား ဗမာလူမျိုးရေးဝါဒ၊ နယ်ချဲ့ဝါဒနှင့် စစ်အာဏာရှင်ဝါဒတို့ကို ကိုင်စွဲထားသော ခေတ်အဆက်အဆက် ဗမာစစ်အစိုးရများကသာမက ဒီမိုကရေစီအမည်ခံ NLD အစိုးရလက်ထက်တွင်လည်း ဆက်လက် သယ်ဆောင် ကျင့်သုံးနေကြသည်မှာ “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေး” ဆိုသော ကြွေးကြော်သံအား ရခိုင်လူထုအနေဖြင့် ယုံမှားသံသယပွါးဖွယ်ပင်ဖြစ်ပေသည်။

၆။        သို့ဖြစ်ပါ၍ လူမျိုးစုံပြည်သူလူထုတရပ်လုံး၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိရေးတို့ကို လေးစားလိုက်နာ အသိအမှတ် ပြုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတိုင်းသည် မိမိတို့၏ အပြောကို အလုပ်နှင့်သက်သေပြလျက် အတိတ်က အမှားကို ဂုဏ်သရေရှိစွာ ဝန်ချတောင်းပန်ကာ အနာဂတ် “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” တည်ဆောက်ရေးအတွက် ယုံကြည်မှုအခြေခံ အုတ်မြစ်များ ရှိစေရန် ရည်သန်လျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျရောက်မည့် “မြောက်ဦးလူသတ်ပွဲ” (၆) နှစ်မြောက်နှင့် ရခိုင့်အချုပ် အခြာအာဏာ ကျဆုံးခြင်း (၂၃၉)နှစ်မြောက် အထိမ်းအမှတ်ဖြစ် “မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ အား ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိလိုက်ပါသည်။

ဆက်သွယ်ရန်

မခင်မာထွေး

အထွေထွေအတွင်းရေးမှူး၊

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး  (AASYC)

ဖုန်း –  +66 (0) 946062178

“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက် PDF ဖိုင်နှင့် “မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ PDF ဖိုင်အား အောက်ပါလင့်တွင် ရယူနိုင်ပါသည်။

“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်
https://aasyc.org/wp-content/uploads/2023/12/2023-Press-Release-Launching-Mrauk-U-Massacre-Report.pdf

“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ
https://aasyc.org/wp-content/uploads/2023/12/AASYC_2018_-Launching-Mrauk-U-Massacre-Report-2023.pdf