ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့ (၅၅၀) တပ်ရင်းမှ (၁၂၀) မမ စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်၍ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးဒဏ်ရာရ


(၁၃.၀၄.၂၀) ရက်နေ့ (၀၈း၂၀) နာရီခန့်တွင် ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် (၃) လုံးသည် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူဝဘုရားအနီးရှိ ကျောက်ဆိပ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အပြစ်မဲ့ ကျေးရွာသား (၈) ဦး သေဆုံးပြီး၊ (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်။

AASYC မှ အင်တာဗျူးသတင်းအရ သေဆုံးသူ (၈) ဦးအနက် (၅) ဦးမှာ အခင်းဖြစ်ပွါးသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန် (၃) ဦးမှာ စစ်တွေဆေးရုံသို့ သယ်ဆောင်လာစဉ် သေဆုံးခြင်း ဖြစ်သည်ဟု သိရှိရသည်။ ယနေ့ထုတ်ဝေသည့် ရခိုင်လွှတ်တော်ဂျာနယ်ပါ သတင်းအရမူ သေဆုံးသူများမှာ
၁။ မချေ (ခေါ်) သန်းသန်းစိုး (၂၄) နှစ်
၂။ နီထွန်း (၂၅) နှစ်
၃။ ထက်မြတ်ဦး (၁၁) နှစ်
၎။ လူလှချေ (၂၆) နှစ်
၅။ အောင်နိုင်ဆန်း (၁၅) နှစ်
၆။ မောင်မောင်ရွှေ (၂၃) နှစ်
၇။ မောင်ဌေးဝင်း (၁၆) နှစ် နှင့်
၈။ ဦးမောင်ဝင်း (၁၈) နှစ် တြို့ဖစ်ကြပြီး (၈) ဦးအနက် (၄) ဦးမှာ လက်နက်ထိမှန်သည့်နေရာတွင် သေဆုံးခဲ့ပြီး ပုဏ္ဏားကျွန်း ဆေးရုံတွင် (၂) ဦး၊ စစ်တွေဆေးရုံသို့ပို့ဆာင်ရာ လမ်းတွင် (၁) ဦး၊ စစ်တွေဆေးရုံသို့ ရောက်ရှိစဉ် (၁) ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်ဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးလေ့မရှိကြောင်းနှင့် သေဆုံး ဒဏ်ရာရရှိသူများထဲတွင် နှစ်သစ်ကူးကာလ ဥပုသ် သီလ ဆောက်တည်ရန် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်သည့်သူများပါကြောင်း ဒေသခံများက ပြောကြောင်းလည်း ရခိုင်လွှတ်တော်ဂျာနယ်က ဆိုသည်။

လူနာများအား ပုဏ္ဏားကျွန်းဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသည့် လူနာတင်ယာဉ်မောင်းကမူ “ပုဏ္ဏားကျွန်းက သယ်လာတော့ အကောင်းဘဲ။ အရေးပေါ်ဆိုတော့ ကျောက်တန်းဂိတ်မှာ (၁) နာရီလောက်ကြာတော့ သေသွားတယ်။ စစ်ဆေးတာက (၂) နေရာရှိတယ်။ အဓိက ကျောက်တန်းဂိတ်မှာ တော်တော်ကြာတယ်။ လူနာက (၅) ဦးပါလာတယ်။ နောက်ထပ်သွားယူဦးမယ်” စစ်တွေဆေးရုံရှေ့၌ သတင်းထောက်များ၏ အင်တာဗျူးအားဖြေဆိုရာတွင် ပြောဆိုသွားခဲ့သည်။

၎င်းဒေသအနီးတဝိုက်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွါးခဲ့ခြင်းမရှိဘဲ မြန်မာ့တပ်မတော်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာသားများက AASYC သို့ ပြောသည်။ ပစ်ခတ်ရာတွင် အသုံးပြုသည့် လက်နက်ကြီးကျည် အစများကို ကြည့်ခြင်းအားဖြင့် (၁၂၀) မမ စိန်ပြောင်းကျည်များဖြစ်သည်ကို တွေ့ရှိရပြီး အဆိုပါလက်နက်များမှာ တပ်ရင်းအဆင့် လှုပ်ရှားစစ်ကြောင်းများတွင်ပင် အသုံးမပြုဘဲ စခန်းသိမ်းတိုက်ပွဲကြီးများ၊ အခြေစိုက်စခန်းကြီးများ၏ ခံစစ်တိုက်ပွဲများတွင်သာ အသုံးပြုလေ့ရှိသော လက်နက်ကြီးများဖြစ်ရာ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို တာဝန်ယူရမည့် အစိုးရလက်နက်ကိုင်အဖွဲ့များသည် ရခိုင်ပြည်သူလူထုအပေါ် ရန်သူသဖွယ်မှတ်ယူ၍ လူသတ်အကြမ်းဖက်မှုများအား တမင်တကာ ကျူးလွန်နေသည့်သဘော သက်ရောက်နေပေသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)