ကျောက်တော်တွင် အစိုးရစစ်တပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သား အချို့ သေဆုံး အလောင်းဖျောက်ခံရ

(၁၆.၀၄.၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့ အဝေးပြေးကားဂိတ်နားသို့ မြန်မာ အစိုးရစစ်တပ် ရောက်ရှိချိန်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မြန်မာအစိုးရစစ်တပ်မှ ရမ်းသမ်းပစ်ခတ်စဉ် ပိုက်သည်ရပ်ကွက်ရှိ နေအိမ်အချို့တွင် ကျည်ထိမှန်ခဲ့သည်။ ကျောက်​​တော်​မြို့ ပိုက်​သည်​ရပ်​ကွက်​ ဒုံး​ချောင်းစု​နေ ဦးလှ​ကျော်​ထွန်း​နေအိမ်​၌ ကျ​ည်ထိမှန်မှုကြောင့် ဦးလှ​ကျော်​ထွန်း (၆၀) နှစ်၊ သူ၏ဇနီးနှင့်​ သမီးတို့မှာ ဦး​ခေါင်း၊ နားနှင့် ရင်​ဘတ်​အသီးသီးတို့တွင်​ ဒဏ်​ရာရရှိခဲ့ကြပြီး ဦးလှ​ကျော်​ထွန်း ၏သား ​မောင်​​နေဖြိုးထွန်း၊ အသက်​ (၁၄)နှစ်​မှာ ဦး​ခေါင်း​နောက်​​စေ့အားထိခိုက်​ဒဏ်​ရာရှိမှုဖြင့်​ ​ဆေးရုံတွင်​​သေဆုံးခဲ့သည်​။ ကုလားပိုက်သည်ရပ်ကွက်တွင်လည်း အရပ်သား ဘင်္ဂလီ (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင်​ မြန်မာအစိုးရတပ်မှ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဦးလှ​ကျော်​ထွန်း ညီ​တော်​စပ်​သူတစ်​ဦး ​ပေါင်​တွင် ဒဏ်​ရာရရှိခဲ့ပြီး ​ကျောက်​​တော် ​မီးသတ်​အ​ဆောင်​ ဆောက်​လုပ်​​နေသူ ဦး​မောင်​ကြီးမှာ ​ကျောကုန်းဒဏ်​ရာရရှိကာ ပဲခူးတိုင်း ပြည်​မြို့မှ ​ကျောက်​​တော်​​ ဆောက်​လုပ်​​ရေးဆိုဒ်​မှ ဝန်​ထမ်းတစ်​ဦး ​ပေါင်​နှင့် လက်​​မောင်းတွင် ဒဏ်​ရာများ ရရှိခဲ့ကြသည်​။

ကစ္တပနဒီတံတားပေါ်မှ အပြစ်မဲ့ အရပ်သား (၅) ဦးခန့်မှာ ကျည်ထိမှန် သေဆုံးခဲ့ကာ ထိုသေဆုံးသူများ ထဲတွင် အမျိုးသမီး (၁) ဦး ပါဝင်ပြီး မြန်မာအစိုးရစစ်တပ်မှ အလောင်းများကို တံတားအောက်ရှိ ကုလားတန်မြစ်သို့ ပစ်ချခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယင်းပစ်ချခဲ့ရသော အလောင်းများထဲမှ (၃) လောင်းကို (၁၇.၀၄.၂၀)ရက်နေ့တွင် သဝင်ကိုင်းနှင့် ကြာညိုပြင် ကျေးရွာအနီး တွေ့ရှိသည်ဟု ဒေသခံများ က ပြောသည်။

ရခိုင်တို့၏ အထွဋ်အမြတ်ထားရာ နှစ်သစ်ကူးအချိန်အခါတွင်ပင် ယခုကဲ့သို့ မြန်မာအစိုးရစစ်တပ်အနေဖြင့် ရမ်းသတ်ပစ်ခတ်ခြင်း၊ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် အလောင်းအား ဖျောက်ဖျက်ခြင်းများ ဆောင်ရွက်သည့်အပြင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသော အရပ်သားများကို စစ်တွေဆေးရုံသို့ တင်ပို့ရာတွင် တားဆီးစစ်ဆေးကာ တားမြစ်ပိတ်ပင်ခြင်းများကို အပြစ်မဲ့ အရပ်သားများကို ရန်သူသဖွယ် သဘောထားကာ လူ့အခွင့်အရေးပါအချက်များနှင့် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက် ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ကိုဗစ်- ၁၉ စကားဝိုင်းများကိုFacebook တွင်live လွှင့်ကာ“Quarantine ၀င်နေစဉ် လုပ်စရာမရှိရင်Mask ချုပ်ပါလား။ ကို့ရည်းစားကိုတောင် လက်ဆောင်ပေးလို့ရသေးတယ်” ဆိုသော နိုင်ငံတော်အကြီးအကဲတဦး၏ မှတ်သားဖွယ်စကားများ ပြောနေနိုင်ချိန်တွက် ရခိုင်အရေး အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံနှင့်NLD ပါတီ၏ သဘောထားမှာ မြန်မာအစိုးရစစ်တပ်ကို တမင်သက်သက် ကျူးလွန်ခွင့်ပေးထားလေ သလားဟု ပြည်သူများအကြား မှတ်ယူစရာပင်ဖြစ်နေသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)