ကျောက်တော်မြို့နယ်မှ ကျေးရွာနှစ်ရွာမီးရှို့ခံရကာ ပစ်ခတ်မှုများကြောင့် ရွာသားအချို့ သေဆုံး

၂၀၂၀၊ စက်တင်ဘာ ၄ ရက်

ရခိုင်ပြည်၊ ကျာက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာများအား (၀၃.၀၉.၂၀) ရက်နေ့ (၂၁:၀၀) နာရီခန့်တွင် မြန့်မာ့တပ်မတော် စစ်ကြောင်းတခုမှ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် မူလအိမ်ခြေ (၂၄၀) ကျော်ရှိသည့် ဘုရားပေါင်းကျေးရွာတွင် အိမ်ခြေ (၁၀၀) ကျော်ခန့် မီးလောင်ပျက်စီးကာ မွှေနှောက်ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ (၁၀) ခန့် ပျက်စီးသွားပြီး မူလအိမ်ခြေ (၃၀၀) ခန့်ရှိသည့် တောင်ပေါက်ကျေးရွာတွင် အိမ်ခြေ (၈၀) ကျော် မီးလောင်ပျက်စီးခဲ့သည်။

ဘုရားပေါင်းကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ဝင်ရောက်လာစဉ် ကျေးရွာသားတဦးဖြစ်သူ ကိုမောင်ညွှန့်ဝင်းအား လမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုများကြောင့် ဦးခင်မောင်သိန်း၊ အသက် (၃၃) နှစ်၊ ဒေါ်မလှအေး၊ အသက် (၅၅) နှစ်၊ ဒေါ်မလှအေး၏သမီး မဝင်းဝင်းသန်း၊ အသက် (၁၃) နှစ်နှင့် လမ်းပြခေါ်ဆောင်ခံရသူ ကိုမောင်ညွှန့်ဝင်း၊ အသက် (၂၇) နှစ်တို့ သေဆုံးသွားကြောင်း ယနေ့နံနက်တွင် ဘုရားပေါင်းကျေးရွာ ဒေသခံတဦးမှ AASYC သို့ ပြောကြားသည်။

ကိုမောင်ညွှန့်ဝင်းသည် တပ်မတော်စစ်ကြောင်း ကျေးရွာတွင်းသို့ ဝင်ရောက်လာချိန် လမ်းတွင် တွေ့ရာမှ ခေါ်ဆောင်ခြင်းခံရပြီး ၎င်းတို့၏ ရှေ့မှပြေးခိုင်းကာ ပစ်သတ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် ကျေးရွာသား (၅) ဦးအား ခေါ်ယူစစ်ဆေးကာ သေနတ်ပေါင်များဖြင့် ထုထောင်း ခံရသောကြောင့် ဦးမိုးကျော်စိုး၊ အသက် (၄၅) နှစ်ခန့်၊ ဦးထွန်းသာ၊ အသက် (၄၈) နှစ်ခန့်နှင့် ဦးစံအောင်ကျော်၊ အသက် (၆၄) နှစ်တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဆက်ပြောသည်။

(၁၈း၀၀) နာရီခန့်တွင် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာကြားရှိ ကားလမ်းပေါ်၌ တပ်မတော်စစ်ကြောင်းတခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ခဏအကြာတွင် ထိုကဲ့သို့ ကျေးရွာသို့ ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ကျေးရွာသားများမှာလည်း ကြောက်လန့်ထွက်ပြေးနေကြရပြီး ဘုရားပေါင်း ကျေးရွာတွင် လူဦးရေသုံးပုံတပုံခန့်ကျန်ခဲ့ကြောင်း ပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)