ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင် နာယကကြီး ဦးခိုင်စိုး ကွယ်လွန်အနိစ္စရောက်ခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ

နေ့စွဲ – ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင်နာယက၊ ရခိုင့်ဝါရင့်တော်လှန် ရေးသမားကြီး ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ မူဝါဒရေးရာပဲ့ကိုင်ကော်မတီ ဥက္ကဋ္ဌ၊ (၁၉၈၆) ခုနှစ် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP) ၏ မင်းပြားမြို့သိမ်းတိုက်ပွဲအား ဦးဆောင်ခဲ့သူ ဦးခိုင်စိုး၊ အသက် (၈၂) နှစ်သည် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ၎င်း၏ဇာတိ မောင်ညိုကျွန်းကျေးရွာ၌ (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် (၁၃:၅၀) နာရီအချိန်တွင် (၉၆) ပါးရောဂါဖြင့်ကွယ်လွန် အနိစ္စရောက်သွားကြောင်း ကြားသိရပါသဖြင့် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် ကျန်ရစ်သူဆွေမျိုး၊ တော်လှန်းရေး လုပ်ဖော်ကိုင်ဖက် ရဲဘော်များနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်။

နာယကကြီး ဦးခိုင်စိုးကို ခရစ်သက္ကရာဇ် (၁၉၃၈) ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဥက္ကာကျော်ကျေးရွာ ယခုအခေါ် မောင်ညိုကျွန်းကျေးရွာ၌ မွေးဖွားခဲ့ပြီး ဖခင်မှာ ဦးစံသာလှ ဖြစ်ပြီး မိခင်မှာ ဒေါ်အောင်မြဦး ဖြစ်သည်။ မွေးချင်းသားသမီး (၇) ဦးအနက် နာယကကြီး ဦးခိုင်စိုးမှာ ဒုတိယမြောက် သားဖြစ်ပြီး ငယ်နာမည်မှာ မြသာစံဖြစ်သည်။

နာယကကြီး ဦးခိုင်စိုးသည် ရဟန်းဘဝဖြင့် (၁၉၆၄) ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ရန်ကုန်မြို့တွင် ရခိုင်ပြည် ကွန်မြူနစ်ပါတီ (ACP)၏ အဓိကမြေအောက် လှုပ်ရှားသူအဖြစ် တာဝန် ပေးအပ်ခံခဲ့ရသည်။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နေချိန်မှာပင်လျှင် (၁၉၇၄) ခုနှစ်က “သြဂုတ်သွေး ဂျာနယ်” ကိုထုတ်ဝေခဲ့သည့်အတွက်ကြောင့် မဆလအစိုးရမှ ဖမ်းဆီးရန် လိုက်ရှာသည့်အတွက် Bachelor of Arts (BA) နောက်ဆုံးနှစ်စာမေးပွဲကိုဖြေဆိုရန် (၅) ရက်အလိုတွင် တောခိုခဲ့ရသည်။ (၁၉၈၆) ခုနှစ် မေလတွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းဝင် မင်းပြားမြို့သိမ်း တိုက်ပွဲကို ဦးဆောင်ခဲ့သည့်အတွက် ဇူလိုင်လ (၁) ရက်နေ့တွင် စစ်တွေမြို့၌ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှုဥပဒေပုဒ်မ ၁၂၂/၁ ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး ထိုသေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ (၂၀၀၈) ခုနှစ်တွင် ရန်ကုန် အင်းစိန်ထောင်မှ လွတ်မြောက်လာပြီးနောက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ပါတီပေါ်ပေါက်လာရေးအတွက် အဓိကအကြံပေးခဲ့သူတဦးလဲဖြစ်သည်။

နာယကကြီးသည် နောက်ဆုံးထွက်သက်အထိ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၌ ဂုဏ်ထူးဆောင်နာယကအဖြစ် တာဝန်ထမ်းဆောင်ကာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာညှိနှိုင်းရေးဆွဲ ရေးအဖွဲ့ (ANPCC)၏ မူဝါဒရေးရာ ပဲ့ကိုင်ကော်မတီ ဥက္ကဋ္ဌ တာဝန်ဖြင့် ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး နှင့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး မူဝါဒများရေးဆွဲရာတွင် စဉ်ဆက်မပြတ် တက်တက်ကြွကြွပါဝင်ခဲ့သည်။

အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားသော နာယကကြီး ဦးခိုင်စိုး၏ ဇွဲမလျော့သော စိတ်ဓာတ်ကို နောင်လာမျိုးဆက်သစ်လူငယ် များ အတုယူကြပြီး မပြီးဆုံးသေးသော ရခိုင့်အမျိုးသားတော်လှန်ရေး ပန်းတိုင်ကို မရောက်သေးသရွေး နည်းမျိုးစုံဖြင့် တိုက်ပွဲဆင်နွဲကြပါရန် တိုက်တွန်းရင်း ဤဝမ်းနည်း ကြောင်းသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ရခိုင့်ဝါရင့် တော်လှန်ရေးသမားကြီး ဦးခိုင်စိုး ကောင်းရာသုဂတိလားပါစေ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

PDF ကို အောက်တွင် ရယူရန်။