၂၀၂၀ ခုနှစ်၊ မေလအတွင်း ရခိုင်ပြည်အရေးနှင့် ပတ်သက်သည့် သတင်းသုံးသပ်ချက်

 

သုံးသပ်ချက်များ
************
နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်
————————-
(၁) ရခိုင်ပြည်တောင်ပိုင်းတွင် မြန်မာအစိုးရစစ်တပ်နှင့် NLD အစိုးရ/ပါတီတို့ ပူးပေါင်း၍ ANP ပါတီဝင်များနှင့် အမျိုးသားရေး အင်အားစုများအား ဖမ်းဆီးသည့် သဘော၊ ULA/AA မှ NLD ပါတီဝင်များအား ပြန်လည် လက်စားချေ ဖမ်းဆီးသည့်သဘော ဖြစ်နေသည်။ ULA/AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးမှုများ၌ NLD အစိုးရ/ ပါတီ အနေဖြင့် သမာသမတ်ကျကျ ရပ်တည်ခြင်းမရှိပါက ဗမာမဟုတ်သော တိုင်းရင်းသားပြည်သူလူထုမှ NLD ပါတီ/အစိုးရကို အယုံအကြည်ပျက်ပြီး၊ ANP အပါအဝင် အခြား ရခိုင်အမျိုးသားပါတီများနှင့် ရန်ဖက်သဘော ဆောင်လာပြီး ရေရှည်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပါ ထိခိုက်စေနိုင်သည်။ ရေတိုတွင် နှစ်ဖက် အပြန်အလှန် လက်စားချေ ဖမ်းဆီးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ပြန့်လာနိုင်သည်ဟု သုံးသပ်ရသည်။
(၂) ဒေါက်တာအေးမောင်အား လာမည်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိ တော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေငြာခြင်း သည် NLD အစိုးရ/ပါတီအနေဖြင့် ရခိုင်အမျိုးသားရေး အင်အားစုများအား နိုင်ငံရေးအယူအဆ မတူညီ၍ ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်သူလူထုအပေါ်တွင် ထားရှိသည့် NLD အစိုးရ/ပါတီနှင့် မြန်မာအစိုးရစစ်တပ်၏ သဘောထားမှာ တထပ်တည်းဖြစ်ကြောင်း ရခိုင်ပြည်သူလူထုကြားတွင် ထင်မြင်ယူဆ စရာဖြစ်လာ သည်။ NLD အနေဖြင့် ဒီမိုကရေစီထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေသော တိုင်းရင်း သားပါတီများနှင့် အလှမ်းဝေးသထက်ဝေးလာနိုင်ပြီး မြန်မာအစိုးရစစ်တပ်၏ နိုင်ငံရေး၊ စစ်ရေးအရ အမြတ်ထုတ်အသုံးချခံအဖြစ်သို့ ရောက်မှန်းမသိ ရောက် သွားနိုင်သည်။ တဖက်တွင်လည်း လွှတ်တော်တွင်းမှ (၂၀၀၈) ဖွဲ့စည်းပုံအား ပြုပြင် ပြောင်းလဲရေးဆိုသည့် ၎င်းတို့၏ ကြိုးပမ်းမှုမှာ အင်အားယုတ်လျော့လာနိုင်သည်။
(၃) ULA/AA သည် ကောင်းခါး ပြည်သူ့စစ်ထုတ် မူးယစ်ဆေးဝါးများအား ရခိုင်ပြည်မှ တဆင့် နိုင်ငံခြားသို့ တင်ပို့နေကြောင်း Jane’s Defense Weekly တွင် ဖော်ပြထား သည့်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့အစည်းများမှ အာရုံစိုက် လာနိုင်ပြီး မြန်မာအစိုးရစစ်တပ်မှလည်း ဤကိစ္စကို နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချလာနိုင်သည်။
(၄) UWSA ဌာနချုပ်တွင် ULA/AA ဌာနချုပ်အား အခြေစိုက်ထားခြင်းမရှိကြောင်း UWSA မှ လားရှိုးဆက်ဆံရေး တာဝန်ခံ ဦးညီရန်းမှပြောကြားခြင်းမှာ ULA/AA အား လက်ခံမထားရန် မြန်မာအစိုးရစစ်တပ်မှ ဖိအားပေးခြင်းကြောင့် ဖြစ်နိုင်သည်။
(၅) မဏိပူရပြည်နယ်နှင့် အာသံပြည်နယ်မှ အိန္ဒိယဗဟိုအစိုးရအား ဆန့်ကျင်သူ (၂၂) ဦးကို မြန်မာနိုင်ငံမှ လွှဲပြောင်းပေးခဲ့ခြင်းသည် နှစ်ဖက် လက်နက်ကိုင် ပုန်ကန်သူ များအား ပူးပေါင်းနှိမ်နှင်းရန် သဘောတူညီချက် ရှိထားခြင်းကြောင့် ဖြစ်နိုင်သည်။ ULA/AA အဖွဲ့ဝင်များအားလည်း အိန္ဒိယအစိုးရမှ ဖမ်းဆီး၍ မြန်မာဖက်သို့ လွှဲပြောင်းပေးခြင်းများရှိလာနိုင်သည်။
(၆) ယန်ဟီးလီး ထုတ်ပြန်ချက်အပေါ်တွင် တဖက်သက်ပြောဆို ရေးသားချက်ဟု နိုင်ငံတော်သမ္မတရုံးမှ ငြင်းချက်ထုတ်ခြင်း၊ ARSA မှ သိုဝှက်ထားသည့် ပစ္စည်းများ တွင် WFP မှ ထောက်ပံ့သည့် ရိက္ခာနှင့် UNHCR မှ ထုတ်ပေးသည့် ကတ်ကို တွေ့ရှိရသည်ဟု မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်ခြင်းမှာ နိုင်ငံတကာအဖွဲ့အစည်း များသည် မြန်မာနိုင်ငံအရေးတွင် ဖျက်လိုဖျက်ဆီးဖြင့် ဝင်ရောက်စွက်ဖက်နေသည် ဟု စွပ်စွဲလိုသည့် သဘောသက်ရောက်ကြောင်း ယူဆရသည်။
(၇) Covid-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခအရှိန်မြင့်နေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုများပြားလာခြင်း၊ အင်တာနက် ဖြတ်တောက်ထားခြင်း၊ သတင်းသမားများအား တရားစွဲဆိုခြင်း ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုနှင့် တနိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ရန် တောင်းဆိုမှုများ ရှိသော်လည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီအတွင်း ဗီတိုအာဏာကျင့်သုံး နိုင် သည့် မြန်မာအစိုးရအား ထောက်ခံအားပေးသော နိုင်ငံများကြောင့် ထိရောက် သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်ခြင်း မရှိသည့်အပေါ် မြန်မာအစိုးရ စစ်တပ်မှလည်း နိုင်ငံတကာ၏ ဖိအားကို ဂရုမစိုက်ဘဲ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ပိုမိုရဲတင်းစွာ ပြုလုပ်လာနိုင်သည်။

စစ်ရေးဆိုင်ရာ သုံးသပ်ချက်များ
————————–
(၁) ULA/AA ခြေကုတ်စခန်းများ၊ ခိုအောင်းနိုင်သော နေရာများအား မြန်မာအစိုးရ စစ်တပ်မှ ထိုးစစ်ဆင်နေချိန်တွင် ULA/AA မှလည်း အင်အား၊ လေ့ကျင့်မှုနှင့် တိုက်ပွဲအတွေ့အကြုံ နည်းသော ရဲတပ်ဖွဲ့များအား တိုက်ခိုက်ခြင်း၊ မိုင်းထောင် ခြင်း၊ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများတွင် ဖြတ်တောက် တိုက်ခိုက် ခြင်းများကို ဆက်လက်ဆောင်ရွက်နေနိုင်ပြီး နှစ်ဖက်ရှုပ်ထွေးနေ သည်ကို အခွင့် ကောင်းယူ၍ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ARSA မှလည်း ကြိုကြားကြိုကြား တိုက်ပွဲများ ဖော်လာနိုင်သည်။
(၂) နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် WHO နှင့် WFP ယာဉ်တန်းများအား ပစ်ခတ်တိုက်ခိုက်ခြင်းသည် NLD အစိုးရအတွက် မျက်နှာပျက်၊ သိက္ခာကျဖွယ် ဖြစ်သည်။ ကျူးလွန်သည့် တပ်ဖွဲ့အနေဖြင့်လည်း စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းကို ချိုးဖောက်ရာရောက်သည်။ သို့ရာတွင် တဖက် အဖွဲ့အစည်းအား ဂုဏ်သိက္ခာကျဆင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံ၏သိက္ခာ၊ ပြည်သူလူထု၏ မျက်နှာကို မထောက်ထားဘဲ ပြုမူဆောင်ရွက်နေသည့် သဘောဖြစ်သည်။ ရေရှည်တွင် စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေး၊ လူထု၏ ကျန်းမာရေးကိုပါ ကျယ်ပြန့်စွာ ထိခိုက်လာနိုင်သည်။
(၃) စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရေးလုပ်နေသော နိုင်ငံတကာအဖွဲ့အစည်း များအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းနှင့် ကျေးရွာများအား မီးရှို့ခြင်းကို တဖက် အဖွဲ့အစည်းအား နိုင်ငံရေးအရ သိက္ခာချရန် ရည်ရွယ်ချက်ဖြင့် အပြန်အလှန် ကျူးလွန်မှုများရှိလာနိုင်သည်။
(၄) ULA/AA အား အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်၍ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်မှ ဖယ်ချန်ထားခြင်း၊ ULA/AA မှလည်း ရခိုင်ပြည်ရှိ မြန်မာအစိုးရ ယန္တရားနှင့် လက်နက်ကိုင်အဖွဲ့များအား လူထုနှင့်လက်တွဲ၍ မောင်းထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း၊ မြန်မာအစိုးရစစ်တပ်မှ ရှမ်းပြည်၊ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်များ တွင် အသုံးပြုရန် ပြည်ထောင်စုလွှတ်တော်အတွင်း ဘဏ္ဍာငွေတောင်းခံခြင်းများကို ထောက်ရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မည့် အခင်းအကျင်းမှာ အလှမ်းဝေးသထက်ဝေးလာပြီး ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်သည်ဟု သုံးသပ်ရသည်။

လူ့အခွင့်အရေးဆိုင်ရာ သုံးသပ်ချက်များ
———————————-
(၁) မြန်မာအစိုးရစစ်တပ်မှ အရပ်ဖက်ပစ်မှတ်များအား ထိခိုက်မည်ကို အလေးမထားဘဲ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးညှင်းပန်းမှုများရှိကြောင်းကို ယန်ဟီးလီး၏ ထုတ်ပြန်ချက်အား ဦးဇော်ဌေးမှ ငြင်းဆိုရာတွင် လည်းကောင်း၊ ကျောက်ဆိပ်ရွာမှ အရပ်သား (၅) ဦးအား ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ပို့ဆောင်စဉ် ရေယာဉ်ပေါ်တွင် လူမဆန်စွာ နှိပ်စက်ခဲ့သည်မှာ မှန်ကန်ကြောင်းကို ထိုဗီဒီယိုထွက်ပေါ်လာပြီး နောက်ပိုင်း မြန်မာအစိုးရစစ်တပ်မှ ဝန်ခံခဲ့ခြင်းဖြင့်လည်းကောင်း ပေါ်လွင်ထင်ရှား စေသည်။
(၂) ULA/AA မှဟုယူဆရသော စွန့်လွှတ်မိုင်းများ၊ မြန်မာအစိုးရစစ်တပ်၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ အရပ်ပစ်မှတ်များအား ထိခိုက်မည်ကို ဂရုမစိုက်ဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်မှုများ ဆက်လက်ရှိနေနိုင်သည်။
(၃) အရပ်သားများအား မြန်မာအစိုးရစစ်တပ်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ လူနေ ရပ်ကွက်နှင့် ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ဝင်ရောက်ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်း လုယက်ခြင်းတို့အပြင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေသုံး၍ ပိတ်ပင်ထားခြင်း၊ ရခိုင်ပြည်မြောက်ပိုင်းတွင် အင်တာနက်ပိတ်ဆို့၍ သတင်းအမှောင်ချထားခြင်းများကို နိုင်ငံတကာ အသိုင်း အဝိုင်းမှ ထိရောက်စွာ ဖိအားမပေးနိုင်သည့်အပြင် NLD အစိုးရ/ပါတီ ကိုယ်တိုင်မှ လည်း နှုတ်ဆိတ်နေခြင်းကြောင့် မြန်မာအစိုးရစစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို ပို၍ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာ နိုင်သည်။
(၄) ရခိုင်ပြည်မြောက်ပိုင်းအား အင်တာနက်ဖြတ်တောက်ခြင်း၊ သတင်းသမားများအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် ခြိမ်းခြောက်၍ သတင်းအမှောင်ချထား ခြင်းမှာ မြန်မာအစိုးရစစ်တပ်အတွက် စစ်ဖက်ဆိုင်ရာ သတင်းလုံခြုံရေးအား ကာကွယ်ရန်အတွက်သာမက ၎င်းတို့၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား မပေါက်ကြားရအောင် ဖုံးဖိထားနိုင်ရန်အတွက်ဟု ယူဆရ သည်။
(၅) တိုက်ပွဲနှင့် မသက်ဆိုင်သည့် ဒဏ်ရာရအရပ်သားများအား သယ်ယူရန် ပုံစံဖြည့်၍ ပြည်နယ်ညွှန်မှူးနှင့် နယ်/လုံ ဝန်ကြီးတို့မှတဆင့် တိုင်းအထိတင်ပြ၍ အကြောင်း ပြန်မှသာ သယ်ယူရမည်ဖြစ်ကြောင်း နယ်/လုံ ဝန်ကြီးမှပြောဆိုချက်မှာ တိုက်ပွဲ တွင် ဒဏ်ရာရရှိသည့် ရန်သူကိုပင် ဆေးဝါးကုသပေးရမည့်ဆိုသည့် နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့် ဆန့်ကျင်နေသည်သာမက လူတဦးချင်း စီ၏ အသက်ရှင်ရပ်တည်ရေးကိုပါ ထည့်သွင်းစဉ်းစားမှုမရှိကြောင်း ပေါ်လွင် ထင်ရှားစေသည်။
(၆) ULA/AA နှင့် မြန်မာအစိုးရစစ်တပ်တို့အကြား တိုက်ပွဲကာလအတွင်း၌ လူ့အခွင့် အရေးချိုးဖောက်မှုများအား ရခိုင်ပါတီ အမတ်များမှ လွှတ်တော်တွင်း၌ ဆွေးနွေးခွင့် အား ပိတ်ပင်ထားခြင်း၊ ANP အမတ်တချို့မှ အစိုးရ ထိပ်တန်းခေါင်းဆောင်များ အား တိုင်ကြားခဲ့သော်လည်း လျစ်လျူရှုခံရခြင်းကြောင့် NLD ပါတီ/အစိုးရနှင့် လွှတ်တော်တွင်း နိုင်ငံရေးကို အယုံအကြည်ပျက်စရာ ဖြစ်စေသည်။ အကျိုးဆက် အနေဖြင့် လက်နက်ကိုင် ပဋိပက္ခနှင့် အပြန်အလှန် လက်စားချေမှုများ ပိုမိုကြီးထွား လာနိုင်သည်။

စစ်ဘေးရှောင်ဆိုင်ရာ သုံးသပ်ချက်များ
——————————-
(၁) တိုက်ပွဲများ၊ ရမ်းသန်းပစ်ခတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာနိုင်ပြီး စခန်းတည်ဆောက်ခွင့်၊ ရိက္ခာပို့ဆောင် ခွင့်စသည်များကို ကန့်သတ်ထားသောကြောင့် ရခိုင်ပြည်တွင်းမှ တခြားနေရာများ၊ နိုင်ငံများသို့ ထွက်ခွါမှုများ ပိုမိုများပြားလာပြီး မိသားစုတကွဲတပြား နေထိုင်ရသူ များပြားလာနိုင်သည်။
(၂) စစ်ဘေးရှောင်စခန်းများတွင် အစိုးရမှ ကျန်းမာရေးထောက်ပံ့မှု မလုံလောက်ခြင်း နှင့် သောက်သုံးရေသန့်ရရှိရန် အခက်အခဲကြောင့် မိုးရာသီတွင် ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းရောဂါများ ဖြစ်ပွါးလာနိုင်သည်။
(၃) ULA/AA အဖွဲ့မှ စစ်ဘေးရှောင်စခန်းများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ လှုပ်ရှားခြင်း၊ ရိက္ခာဆက်ကြေး ကောက်ခံခြင်းများရှိနေမည်ဆိုပါက မြန်မာအစိုးရ စစ်တပ်မှ ရိက္ခာဖြတ်တောက်ပိတ်ဆို့ခြင်းကြောင့် စစ်ဘေးရှောင်များအတွက်လည်း အကြပ်အတည်း ပိုမိုကြီးမားလာနိုင်သည်။
(၄) ရခိုင်ပြည်ရှိ တခြားမြို့နယ်များတွင် စစ်ဘေးရှောင်စခန်းများသို့ WFP မှ ပေးပို့သည့် ရိက္ခာကိုပင် ကန့်သတ်ထားပြီး ပလက်ဝရှိ ဒေသခံနှင့် စစ်ဘေးရှောင်များအတွက် WFP မှ ရိက္ခာများကို ကုန်းလမ်းမှ အဆင်မပြေလျင် ရေလမ်းမှပို့ဆောင်ရန် စီစဉ် နေခြင်း၊ မိုးရာသီမတိုင်မီ အရေးပေါ် နေစရာပေးရန်အတွက် ပလက်ဝရှိ စစ်ဘေး ရှောင်များကိုသာ ငွေကြေးကူညီရန် စီစဉ်နေခြင်းမှာ လူမျိုးရေးအရ ခွဲခြား ဆက်ဆံ စည်းရုံးသည့် သဘောဖြစ်နေသည်။
(၅) အစိုးရခွင့်ပြုချက်မရဘဲ စစ်ဘေးရှောင်စခန်းများ မဆောက်လုပ်ရန် အမိန့်ထုတ်ပြန် ခြင်း၊ စစ်ဘေးရှောင်စခန်းများအား တရားဝင်-တရားမဝင် ခွဲခြား၍ အထောက်အပံ့ ကန့်သတ်ထားခြင်း၊ စာသင်ကျောင်းများရှိ စစ်ဘေးရှောင်စခန်းများအား စနစ်တကျ ပြန်လည်နေရာချထားခြင်းမရှိဘဲ ရွေ့ပြောင်းပေးရန် ပြည်နယ်အစိုးရမှ ညွှန်ကြား ချက်ထုတ်ပြန်ခြင်း၊ ရိက္ခာပို့ဆောင်ရာတွင် နယ်/လုံ ဝန်ကြီး၏ ထောက်ခံချက် ရှိမှ သာ သွားလာခွင့်ပြုခြင်း၊ ULA/AA နှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရုံသက် သက်ဖြင့် မြန်မာအစိုးရစစ်တပ်မှ ရိက္ခာဖြတ်တောက်ထားခြင်း အစရှိသည့် လုပ်ရပ် များမှာ လူတယောက်ချင်းစီ၏ အသက်ရှင်ရပ်တည်မှုကို အစိုးရနှင့် စစ်တပ်က အာမခံပေးရမည့်အစား ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်သကဲ့သို့ ဖြစ်နေပေသည်။
(၆) စစ်ဘေးရှောင်စခန်းတွင် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရခြင်း၊ မြန်မာအစိုးရ စစ်တပ်မှ မကြာခဏ ဝင်ရောက်စစ်ဆေးခြင်းကြောင့် လုံခြုံမှုမရှိဟု ခံစားရသဖြင့် နေရပ်ပြန်လိုကြသော်လည်း ရွာတွင်းသို့ စစ်တပ်မှ ဝင်ရောက်ဖမ်းဆီးမည်၊ ရွာပတ် ဝန်းကျင်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွါးမည်ကို စိုးရိမ်နေကြရသည့် အပေါ်တွင် NLD အစိုးရ/ပါတီ အနေဖြင့် တစုံတရာ ဖြေရှင်းမပေးနိုင်သည်မှာ စစ်တပ်အပေါ်တွင် သြဇာလွှမ်းမိုးနိုင်ခြင်းမရှိကြောင်း ထင်ရှားနေပေသည်။ သာမန်ရခိုင်ပြည်သူလူထု အတွက်မူကား NLD ပါတီ/အစိုးရသည် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သော၊ မြန်မာအစိုးရစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို တားဆီးရန် ပျက်ကွက်သော အစိုးရတရပ်အဖြစ်သာ အမြင်ရောက်စေသည်။

အထွေထွေ လူမှု-စီးပွါးရေးဆိုင်ရာ သုံးသပ်ချက်များ
—————————————
(၁) ULA/AA မှဟုယူဆရသော စွန့်လွှတ်မိုင်းများ၊ မြန်မာအစိုးရစစ်တပ်၏ လက်နက် ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ အရပ်ပစ်မှတ်များအား ထိခိုက်မည်ကို ဂရု မစိုက်ဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်မှု များ ဆက်လက်ရှိနေနိုင်ပြီး ကျေးလက်နေပြည်သူများ၏ လှုပ်ရှားသွားလာရေး၊ ရှာဖွေစားသောက်ရေး ပိုမိုကြပ်တည်း လာနိုင်သည်။
(၂) တိုက်ပွဲနှင့် Covid-19 ကြောင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းများဖြစ်ပေါ်ကာ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို ထိခိုက်လာနိုင်သည်။ ဆန်စပါး ကောင်းစွာ မစိုက်ပျိုးရခြင်း၊ မရိတ်သိမ်းရခြင်း၊ နေရပ်စွန့်ခွါထွက်ပြေးရ၍ ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရေလုပ်ငန်းမှ ထွက်ကုန်ပစ္စည်းများအား ရခိုင်ပြည်ပြင်ပသို့ တင်ပို့ရောင်းချခြင်း မရခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကထားနေရသော ရခိုင်ပြည်၏ စီးပွါးရေးမှာ ယိမ်းယိုင်လာ နိုင်သည်။
(၃) ရခိုင်ပြည်မြောက်ပိုင်းတွင် အင်တာနက်ဖြတ်တောက်ထား၍ Covid-19 ဆိုင်ရာ သတင်းအချက်အလက်များ မရရှိခြင်း၊ တိုက်ပွဲများကြောင့် သွားလာရန်ခက်ခဲ၍ Covid-19 ပစ္စည်းများအား ရခိုင်ပြည်အနှံ့ လှည့်လည် လှူဒါန်းရန်ခက်ခဲခြင်း၊ ပြည်ပမှ အစုလိုက်အပြုံလိုက် ပြန်လာသူများအား စနစ်တကျ Quarantine မပြုလုပ်ခြင်း၊ စာသင်ကျောင်းများ၌ Quaranine ဝင်နေသူများအား အစိုးရမှ စနစ်တကျ နေရာချထားပေးရန် မစီစဉ်ဘဲ (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံးထား၍ ရွေ့ပြောင်းခိုင်းခြင်း၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ပြန်လည် ဝင်ရောက် လာသူများထံမှ ရောဂါပြန့်ပွါးနိုင်ခြင်း၊ ဆေးရုံဆေးခန်းများ၌ ခေတ်မီ ကာကွယ် ကုသရေး ပစ္စည်းကိရိယာများ မပြည့်စုံခြင်းတို့ကြောင့် ရခိုင်ပြည်တွင် Covid-19 ပြန့်ပွါးလာပါက ထိန်းချုပ်ရန် ခက်ခဲနိုင်သည်။

ဖော်ပြထားသည့် သုံးသပ်ချက်များအပြင် သတင်းတို၊ ​တွေ့ရှိချက်နှင့် အကြံပြုချက်များကို ပူးတွဲပါဖိုင်များတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

သတင်းသုံးသပ်ချက် အပြည့်အစုံကို အောက်ပါ Link များတွင်ရယူနိုင်ပါသည်။