ရမ်းဗြဲတွင် မြန်မာ့တပ်မတော်က ဖမ်းဆီးသွားသော လူငယ် (၁) ဦးအား မိသားစုမှ အဆက်သွယ်မရ

၂၀၂၀၊ ဇူလိုင် (၀၄) ရက်။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ် ကျောက်ဆောက်ကျေးရွာအုပ်စု၊ ကျောက်ဆောက်ကျေးရွာနေ ကိုဇော်မင်းထွန်း အသက် (၃၁) နှစ် (ဘ) ဦးမောင်စံသိန်း၏ သားဖြစ်သူအား (၂၆.၀၆.၂၀) ရက်နေ့ (၁၇း၀၀) နာရီခန့်တွင် ၎င်းအလုပ်လုပ်နေသည့် စနဲမြို့မှ နေအိမ်သို့အပြန်တွင် ဆိတ်ဖူးတောင်၌ ယာယီ စခန်းချနေထိုင်သည့် မြန်မာ့တပ်မတော်၏ တပ်ဖွဲ့တဖွဲ့မှ ဖမ်းဆီးသွားပါသည်။

ကိုဇော်မင်းထွန်း ဖမ်းဆီးခံရသည့် နေ့မှစ၍ ယနေ့အချိန်ထိ အဆက်သွယ်မရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြောင်း AASYC သို့ပြောသည်။ ဖမ်းဆီးခံရသူ ကိုဇော်မင်းထွန်းမှာ စနဲမြို့၌ ဆိုင်ကယ် Workshop လုပ်ငန်းလုပ်ကိုင်နေသူ တဦးဖြစ်ပါသည်။

ကိုဇော်မင်းထွန်းအား ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုသံသယဖြင့် မြန်မာ့တပ်မတော်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရချိန်တွင် ၎င်း၏ နေအိမ်သို့ ဖုန်းဆက်၍ မှတ်ပုံတင်ကို ဆိတ်ဖူးတောင်သို့ လာပို့ပေးရန် ပြောသည့်အတွက် နေအိမ်မှမိသားစုဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ လိုက်ပါသွားသည့်အခါ မြန်မာ့တပ်မတော်မှ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးခဲ့သလို ၎င်းအား ပြန်လွှတ်ပေးခြင်းလည်းမရှိခဲ့ပေ။

ယနေ့ဆိုလျင် ကိုဇော်မင်းထွန်းနှင့် အဆက်အသွယ်မရသည်မှာ တပတ်ကျော်သွားပြီးဖြစ်သဖြင့် စိုးရိမ်နေကြောင်း မိသားစုဝင်များက AASYC သို့ ​ပြောသည်။ လက်ရှိအချိန်တွင် ယာယီတပ်စခန်းချထားသည့် အဆိုပါတပ်ဖွဲ့မှာ ဆိတ်ဖူးတောင်နေရာ၌ မရှိတော့ဟု သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်အရုံး (AASYC)