ဘူးသီးတောင် စာသင်ကျောင်းတွင် လက်နက်ကြီးကျ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသော မိန်းကလေးကို စစ်တွေမှ ရန်ကုန် ဆေးရုံသို့ ပို့ဆောင်ရမည်

ဖေဖော်ဝါရီ (၁၇) ရက်၊ (၂၀၂၀) ခုနှစ်

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာ မူလွန် စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် စတုတ္ထတန်း ကျောင်းသူ မခိုင်မေဦးကို ဖေဖော်ဝါရီ (၁၅) ရက်နေ့ နေ့လယ်က ဘူးသီးတောင်မှ စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့သည်။ စစ်ေ်တွ ဆေးရုံကြီးတွင် သူမ၏ ဒဏ်ရာကို ကုသရန် အဆင်မပြေ၍ ရန်ကုန်ဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဦးထွန်းမောင်က AASYC သို့ပြောသည်။

အသက် (၁၁) နှစ်အရွယ် မခိုင်မေဦးမှာ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ (၁၀း၁၅) နာရီခန့်တွင် စာသင်အခန်းထဲတွင် ထိုင်နေစဉ် လက်နက်ကြီးကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းသူမှာ မေးရုံးအစားထိုးကုသရမည်ဖြစ်သဖြင့် စစ်တွေဆေးရုံမှ ရန်ကုန်ဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်သည်။ သူမ၏ ဒဏ်ရာအား ရန်ကုန်တွင် ဆေးကုသမှု ကုန်ကျစရိတ်အတွက် အစိုးရမှ တာဝန်ယူမှု မရှိသေးဟု သိရသည်။

ခမီချောင်း ကျေးရွာစာသင်ကျောင်းတွင် ကျောင်းသားကျောင်းသူ ခမီတိုင်းရင်းသား ကလေးငယ် (၆ဝ) ကျော်ခန့် ပညာသင်ကြားနေပြီး လက်နက်ကြီးကျည် ကျရောက်၍ ကျောင်းသား/သူ (၂၁) ဦး ဒဏ်ရာရရှိခဲ့သည်။ (၂၁) ဦး ဒဏ်ရာရရှိခဲ့သည့်အနက် မခိုင်မေဦး ဒဏ်ရာ အပြင်ထန်းဆုံးဖြစ်သည်။ ဒဏ်ရာရရှိသူ (၂၁) ဦးတွင် လေးဦးမှာ ယင်းနေ့တွင် ဘူးသီးတောင်ဆေးရုံမှ ဆင်းသွားကြပြီဖြစ်သော်လည်း ကျန် (၁၆) ဦးမှာ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဒဏ်ရာပြန်းထန်းသည့်အတွက်ကြောင့် မခိုင်မေဦးကို စစ်တွေ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)