(၇၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမ အခမ်းနားကို ထိုင်း-မြန်မာ နယ်စပ် AASYC ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ

( ၇၉ ) နှစ်မြောက် အာရှနေဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ဝမ်းနည်အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်ရှိ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ဗဟိုဌာနချုပ်ရုံး၌ စက်တင်ဘာလ (၉) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ မဲဆောက်မြို့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ရခိုင်ရွှေးပြောင်းအလုပ်သမားများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုစုပေါင်း လူဦးရေ (၂၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းနားကို ရခိုင်နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ကာ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) မှ အုပ်ချုပ်ရေးဌာန တာဝန်ခံ ဦးကျော်နိုင်မှ “လူပီသသော ရခိုင်များဖြစ်ကြဖို့” ဟူသော ခေါင်းစဉ်ဖြင့် အဖွင့်အမှာစကားကို ဟောပြောခဲ့ပြီး ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ရဲဘော်စောမြတ်သွီး မှလည်း ” အမျိုးချစ်ခြင်းရေ နှစ်ခြင်းမဖြစ်စီကေ့” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ အခမ်းအနားတွင် ရခိုင်ပြည်တပ်မတော် (ANC/AA) မှ ဗိုလ်ကျော်နိုင်စိုးအပါအဝင် အခြား ရခိုင်လူမှုရေးအဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ (AANLU) နှင့် ရခိုင်မျိုးဆက်သစ် လူငယ်များအစည်းအရုံး (AGYO) အသီးသီးတို့မှ ကိုယ်စားလှယ်များ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားကိုယ်စားလှယ်များမှလည်း ဟောပြောဆွေးနွေးခဲ့သည်။

“ဆရာတော် အရှင်ဦးဥတ္တမသည် မြန်မာနိုင်ငံ အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ပထမဦးဆုံး ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေးတရားကို ဟောပြောခဲ့သူဖြစ်သည်။ ဆရာတော်သည် ဝံသာနုရက္ခိတ တရားကို ဟောပြောခဲ့သောကြောင့် ဗြိတိသျှ နယ်ချဲ့အစိုးရထံ အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည်။ အကြိမ်ကြိမ်အဖမ်းခံရသော်လည်း ထို ဝံသာနုရက္ခိတ တရားများကို မကြောက်မရွံ့ဘဲ ဆက်လက် လှည့်လည်ဟောပြောခဲ့သည်။ ထို့ကြောင့် ဆရာတော်၏ ကြီးမားသော ဂုဏ်ကျေးဇူးများကို အောက်မေ့သောအားဖြင့် မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူများအပါအဝင် ဆရာတော်၏ ဂုဏ်ကျေးဇူးနှင့် သမိုင်းကြောင်းကို သိစေနိုင်ဖို့အတွက် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်” ဟု ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ရဲဘော်စောမြတ်သွီးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပြောသည်။

အခမ်းနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ထောက်ပံ့ကူညီပေးကြသော အဖွဲ့အစည်းအသီးသီးနှင့် စက်ရုံအလုပ်ရုံအသီးသီးမှ
ကိုယ်စားလှယ်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှောက်ခဲ့သည်။

အခမ်အနားကို နေ့လည် ၁:၀၀ နာရီတွင် စတင်ကျင်းပပြီး ညနေ ၅:၀၀ နာရီအချိန်တွင် ရခိုင်စစ်ချီတေးဖြင့် အောင်မြင်စွာအဆုံးသတ်ပိတ်သိမ်းခဲ့ပါသည်။
————————————–
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်အရုံး (AASYC)