၃။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းသတင်းများမှ ရခိုင်ပြည်ရေးရာနှင့် ပတ်သက်၍ တွေ့ရှိချက်များ
၃.၁. နိုင်ငံရေးဆိုင်ရာ တွေ့ရှိချက်များ
၃.၁.၁. ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
(၁) စတုတ္ထအကြိမ် ၂၁-ရာစု ပင်လုံညီလာခံအား (၁၂.၀၈.၂၀) ရက်နေ့မှ (၁၄.၀၈.၂၀) နေ့ အထိကျင်းပရန် စစ်တပ်ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောတူခဲ့ကြသည်။ ထိုညီလာခံ၌ ဖက်ဒရယ်မူနှင့် ပတ်သက်၍ သယံဇာတ ခွဲဝေခွင့်လောက်သာ သဘောတူနိုင် ခြေရှိကြောင်း တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်မှ သုံးသပ်ထားသည်။ ဦးဇော်ဌေးကမူ ပြည်နယ် များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးကိစ္စအား အစိုးရနှင့် လက်မှတ်ရေးထိုး ထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေကြောင်း၊ ဆွေးနွေးပွဲ၌ ဒီမိုကရေစီ နှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူအချက် (၈)ချက် ထဲမှ (၂) ချက်အား သဘောတူညီမှုရရှိခဲ့ကြောင်း (၂၉.၀၇.၂၀) ရက်နေ့တွင် ပြောသည်။
(၂) လာမည့် ၂၁-ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးသို့ NCA လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားမည် ဖြစ်ကြောင်းနှင့် ညီလာခံ အား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တက်ရောက်မည်ဆိုလျှင် ခရီးသွားလက်မှတ်များ စီစဉ် ပေးမည် ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောဆိုမှုများရှိသည်။ ညီနောင် မဟာမိတ် (၃) ဖွဲ့မှလည်း ၂၀၂၀ ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲအဖြစ် ကျင်းပရန်တိုက်တွန်းကြောင်း၊ ပြည်သူ့ဆန္ဒအား အကောင် အထည် ဖော်ပေးနိုင်သည့် အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာနိုင်ရန် မျှော်လင့်မိကြောင်း၊ မြန်မာအစိုးရ (NRPC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြားရပ်တန့်နေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအား အမြန်ဆုံးစတင်လိုပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အား မြောက်ပိုင်း မဟာမိတ်အဖွဲ့ (FPNCC) ၏ ဦးဆောင်လမ်းလမ်းညွှန်မှု၊ လုံခြုံရေး အာမခံချက်ရှိသည့် အခြေအနေတခုအောက်၌ တက်ရောက်ရန် ဆန္ဒအပြည့် အဝရှိ ကြောင်း (၂၁.၀၇.၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (၂၅.၀၇.၂၀) ရက်နေ့တွင် တရုတ်နိုင်ငံ ယန်ကျင်းမြို့၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တရုတ်သံတမန် ဆန်ကော့ရှန် တို့ တွေ့ဆုံခဲ့ကြပြီး ပင်လုံညီလာခံအရေး၊ Covid-19 အရေး၊ NRPC နှင့်ဆက်ပြီး ဆွေးနွေး ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
(၃) ၂၁-ရာစုပင်လုံအစည်းအဝေးအား မြောက်ပိုင်းအဟာမိတ်အဖွဲ့များ တက်မည်မတက် ဆိုသည် မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကောင်စီ (NRPC) နှင့်သာ သက်ဆိုင်ပြီး၊ တက်ရောက်ဖြစ်ခဲ့လျှင် တပ်မတော်မှလုံခြုံရေး အာမခံချက် ပေးနိုင်ကြောင်း (၂၅.၀၇.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနတို့ တွေ့ဆုံမည်ဆိုလျှင် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားခြင်းအား ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်မှ ပြောသည်။
(၄) နေပြည်တော်၌ ကျင်းပသည့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးတွင် ထူးခြားသည့် သဘောတူညီမှု တစုံတရာ ပေါ်ထွက်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီး စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် အမြဲတမ်းပါဝင်ရေးကို စဉ်းစားနေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အား အဓိက တားဆီးနေသည့် အချက်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သူ ဦးမျိုးရန်နောင်သိန်းမှ ပြောသည်။
(၅) ရခိုင်ပြည်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်သည့် လုပ်ငန်းများသည် အစိုးရတပ်မတော် နှင့် ULA/AA တို့အကြား ဖြစ်ပွါးနေသည့်တိုက်ပွဲများအား အရှိန်မြှင့်ရန် အားပေးနေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) မှ ထုတ်ပြန်သည်။ ရခိုင်ပြည်ရှိ သယံဇာတလုပ်ငန်းများမှ ရရှိသောဝင်ငွေဖြင့် အစိုးရတပ်မတော်မှ လက်နက်များဝယ်ယူပြီး ရခိုင်စစ်ပွဲတွင် အသုံးပြုနေခြင်းသည် ယေဘုယျအားဖြင့် ဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ၏ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းလွင်မှ ပြောသည်။ သယံဇာတအကျိုးအမြတ်ကို တိုင်းရင်းသားများ မခံစားရခြင်းသည် အဓိကပြဿနာဖြစ်ပြီး မြန်မာနိုင်ငံ၏ လူများစုဖြစ်သည့် ဗမာလူမျိုးများသည်လည်း တိုင်းရင်းသားများ၏ ခံစား ချက်အား နားလည်ပေးရန်လိုအပ်ကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးမှ ပြောသည်။
၃.၁.၂. ULA/AA နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဆက်ဆံရေး
(၁) အစိုးရတပ်မတော်နှင့် ULA/AA တို့အနေဖြင့် တိုက်ပွဲများအားရပ်တန့်ရန်၊ ULA/AA သည် ချင်းပြည်သူများနေထိုင်သည့် ဒေသများတွင် စစ်ရေးအရအခြေချလှုပ်ရှား နေထိုင်ခြင်း မပြု လုပ်ရန်၊ ULA/AA အား ချင်းပြည်နယ်တွင်မရှိစေရေးအတွက် စစ်ရေးအရ ဖြေရှင်းနိုင် သကဲ့သို့ နိုင်ငံရေးအရလည်းဖြစ်နိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ အထွေထွေ အတွင်းရေးမှူး ဆလိုင်းထက်နီမှ ပြောသည်။
(၂) ULA/AA နှင့် ၎င်းတို့နှင့် ဆက်နွယ်သည်ဟု ယူဆကြသော တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းတို့မှ ဖမ်းဆီးထားသော ALP/ALA အဖွဲ့ဝင် (၃) ဦးတို့မှာ အသတ်ခံရပြီဖြစ်ပြီး ALP ၏ ထိပ်ပိုင်းခေါင်းဆောင်တချို့လည်း အသက်အန္တရာယ် စိုးရိမ် နေရကြောင်း ALP တာဝန်ရှိသူတဦးမှ ပြောကြားသည်။ အဖွဲ့ဝင် (၃) ဦးဖမ်းဆီးခံရသည့် အချိန်မှစ၍ ALP အနေဖြင့် ULA/AA ၏ သက်ဆိုင်ရာ ကြားခံတာဝန်ရှိသူများမှတဆင့် ၎င်းတို့အဖွဲ့၏ အကြီးအကဲများထံသို့ အကြိမ်ကြိမ် ဆက်သွယ်ညှိနှိုင်းခဲ့ပါသော်လည်း တိကျသည့် အဖြေမရှိခဲ့ကြောင်း ALP မှ ပြောသည်။ ULA/AA မှ ဖမ်းဆီး သတ်ဖြတ် လိုက်သည့် ALP တပ်ဖွဲ့ဝင် (၃) ဦး ကိစ္စနှင့်ပတ်သက်၍ အချင်းချင်း လက်နက်သုံးပြီး အကြမ်းနည်းဖြင့်မဖြေရှင်းဘဲ ဆွေးနွေးပြီး ဖြေရှင်းသင့်ကြောင်း ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှ ပြောသည်။
၃.၁.၃. ရွေးကောက်ပွဲနှင့် ပြည်ထောင်စုအရေး
(၁) (၀၈.၁၁.၂၀) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲလုံခြုံရေးစီမံခန့်ခွဲမှုနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ တရပ်အား ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းမှ ပြောသည်။
(၂) ၂၀၀၈ အခြေခံဥပဒေအရ သမ္မတသည် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခွင့် ရရှိ ထားပြီး၊ ထိုကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွါးမှုများအား စစ်ဆေးနိုင်သည့် ခုံရုံးအား ဖွဲ့စည်းနိုင်ခြင်းနှင့်ပတ်သက်၍ ကော်မရှင်ကို အာဏာရပါတီမှခန့်ပြီး ကော်မရှင်မှ ခန့်သည့် ခုံရုံးသည် ရွေးကောက်ပွဲ အငြင်းပွါးမှုများအား တရားစီရင်ခြင်းသည် မျှတမှုမရှိ နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်မှ ပြောသည်။ ရွေးကောက်ပွဲ စောင့်ကြည့် ရေး အဖွဲ့များအား စောင့်ကြည့်ဆိုသည့် စကား လုံးအား ပယ်ဖျက်ကာ လေ့လာသူဟု သုံးနှုန်းထားပြီး ယခင်ရွေးကောက်ပွဲက ခွင့်ပြုခဲ့သည့် အချက် (၄) ချက်ခန့် လျှော့ချထား ကြောင်း ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းမှပြောပြီး ထိုသို့ကန့်သတ်မှု အချို့ ပြုလုပ်လိုက်ခြင်းသည် ပွင့်လင်းမြင်သာမှုအပိုင်းတွင် ခြေတလှမ်း နောက်ဆုတ် သွားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်မှ ပြောသည်။
(၃) (၀၂.၀၇.၂၀) ရက်နေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့မှ ပါတီ စည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာပြီး (၀၅.၀၇.၂၀) ရက်နေ့တွင် နေပြည်တော်၌ NLD ယာယီပါတီရုံးချုပ်အား ဖွင့်လှစ်ခဲ့ကြ သည်။ လာမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူး မဲဆန္ဒ နယ်မှ ရွေးချယ်ခံမည်ဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်သည် တာမွေ မဲဆန္ဒနယ်မှ ရွေးချယ်ခံ မည်ဖြစ် ကြောင်း သိရသည်။ ဧရာဝတီတိုင်း၊ ဝါးခယ်မ မြို့နယ် NLD ဗဟို အလုပ် အမှုဆောင် တဖွဲ့လုံးအား ဗဟိုအမိန့်ကို မလိုက်နာ သောကြောင့်ဟုဆိုကာ NLD ဗဟိုမှ ထုတ်ပယ် လိုက်ကြောင်းသိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနေဖြင့် တိုင်းဒေသကြီး များတွင် အဓိကအနိုင်ရရှိမည် ဖြစ်ပြီး ပြည်နယ်အချို့တွင် အပြင်းအထန် ရုန်းကန်ရဖွယ် ရှိကာ ရခိုင်ပြည်မြောက် ပိုင်းတွင် မဲဆန္ဒနယ်အချို့ ပယ်ဖျက်ခံရဖွယ် ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်မှ ပြောသည်။
(၄) မြန်မာနိုင်ငံတွင် မည်သည့်အစိုးရပင် တက်လာစေကာမူ စစ်တပ်နှင့် အဆင်ပြေပြီး တိုင်းရင်းသားများနှင့် အဆင်မပြေလျှင် ဗမာလူမျိုးကြီးဝါဒအား ကျင့်သုံးသကဲ့သို့ ဖြစ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် မည်သည့်အစိုးရပင် တက်လာစေကာမူ နံပါတ် (၁) တိုင်းရင်းသားအရေးကို ဦးစားပေးသင့်ကြောင်း၊ နံပါတ် (၂) စစ်တပ်နှင့် အဆင်ပြေအောင် ဆက်ဆံသင့်ကြောင်း၊ စစ်တပ်နှင့် အဆင်ပြေပြီး တိုင်းရင်းသား များနှင့် အဆင်မပြေလျှင် ဗမာလူမျိုးကြီးဝါဒအား ကျင့်သုံးသကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း စာရေးဆရာ ဦးကျော်ဝင်းမှ ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD သာ အများစုနိုင်မည်ဖြစ် ကြောင်း၊ NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် လက်တွဲမည်လား၊ တပ်နှင့်ညှိနှိုင်းပြီး သွားမည်လား ဆိုသည်မှာ ခန့်မှန်းရခက်ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု (FDF) ခေါင်းဆောင်တဦးဖြစ် သည့် ဦးမြအေးမှ ပြောသည်။
(၅) ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာနိုင် ကြောင်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးမှလည်းကောင်း၊ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းပါက အစိုးရအဖွဲ့တွင် လုပ်ရကိုင်ရ ပိုမိုရှုပ်ထွေး ကြပ်တည်းလာနိုင်သည် ဟူသည့် ဝေဖန်ချက်သည် စုံလင်ကွဲပြားမှုအား လက်မခံနိုင်သည့် လူများ၏ အာဘော် သာဖြစ်သည်ဟု နားလည်ထားကြောင်း ဦးစိုင်းလိတ်မှ ပြောသည်။ တိုင်းရင်းသား ပါတီများ ဘက်မှ ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆန္ဒရှိနေကြပြီး ပြင်ဆင်နေကြချိန်တွင် NLD ပါတီမှ အပြတ်အသတ် အနိုင်ရရေးအတွက် ပြင်ဆင်နေကြောင်း ဒေါက်တာ ဇော်မြင့်မောင်မှ ပြောသည်။
(၆) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် အနိုင်ရတိုင်းရင်းသားပါတီ (၁) ခုနှင့် ပူးပေါင်း ကာ တိုင်းရင်းသား (၁) တဦးအား သမ္မတတင်မြှောက်ပြီး ၎င်းအနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံရာထူးအား ရယူသည့် အခြေအနေမျိုး ဖြစ်လာနိုင်ခြေရှိကြောင်း ဒေါက်တာ အောင်မျိုးမှသုံးသပ်ထားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်လျှင် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် သမ္မတ ဖြစ်လာနိုင်သည်ဟု NLD အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းထိန်၏ ပြောဆိုချက်သည် ပါတီ၏ မူဝါဒ မဟုတ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်မှ ပြောသည်။ အစိုးရစစ်တပ်မှ ကျူးလွန် ခဲ့သည့် လူအခွင့်အရေး ချိုးဖောက်မှုများအတွက် ဗြိတိန်နိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အား စီးပွါးရေးအရ အရေးယူ ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်၏ သမ္မတရည်မှန်းချက်အား ကြိုပြီး ကာထားသည့်သဘော ဖြစ်နိုင်ကြောင်း မြန်မာ့မဟာဗျူဟာမူဝါဒ လေ့လာရေး အင်စတီကျူ၏ ပြင်ပဆက်ဆံ ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းမှ သုံးသပ်ထားသည်။ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှအငြိမ်းစားယူ၍ ရွေးကောက်ပွဲဝင်မည့်သူ ယခုအချိန်ထိမရှိသေးကြောင်းနှင့် တပ်တွင်းမဲရုံအားလုံးကို အပြင် သို့ ထုတ်မပေးနိုင်ဘဲ အချို့မဲရုံများအား တပ်တွင်း၌ ဆက်ထားမည်ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် တပ်မတော်မှကူညီသွား မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။
(၇) ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး အတွက် သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီစတင် တည်ထောင်ခဲ့သည့် ခေါင်းဆောင်ဟောင်းများမှ ဝန်းရံကူညီမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်မှ ပြောသည်။
၃.၁.၄ ရွေးကောက်ပွဲနှင့် ရခိုင်ပြည်အရေး
(၁) ရခိုင်ပြည်တွင် တပ်မတော်မှလုံခြုံရေး ခွင့်ပြုချက်မပေးလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမှ ပြောသည်။ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲပြင်းထန်နေခြင်း၊ ရခိုင်ပြည်မြို့နယ်တဝက်ခန့် အင်တာနက် ဖြတ်တောက်ခံထားရခြင်းနှင့် လုံခြုံရေးအခြေ အနေ များကြောင့် ရခိုင်ပြည်တွင် လွတ်လပ်ပြီးတန်းတူညီမျှသည့် ရွေးကောက်ပွဲ မဖြစ်နိုင် ကြောင်း ဒေါ်ထုမေမှ ပြောသည်။ မဲဆွယ်ရန်ကမ်ပိန်းလုပ်သည့်အခါ လုံခြုံရေးအရ ကန့်သတ်ထားသည့် နေရာများတွင် မလုပ်ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ၏ ပြောဆိုချက် ကြောင့် ရခိုင်ပြည် မြောက်ပိုင်း မြို့နယ်တချို့တွင် ရွေးကောက်ပွဲအတွက် အစီအစဉ်မရှိဟု နားလည်ယူဆမှုများ ရှိနေသည်။ ရခိုင်ပြည်၌ မဲပေးခွင့်ရှိသူဦးရေ (၁၆) သိန်းနှင့် (၄) သောင်းကျော်ရှိပြီး မဲရုံပေါင်း (၂၅၉၄) ရုံရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် စာရင်းတွင်ပါရှိသည်။
(၂) NLD အနေဖြင့် ရခိုင်ပြည်ရှိနေရာ (၁၂) ခုတွင် ဝင်မပြိုင်ခြင်းသည် ဒေသတည်ငြိမ်မှု ရှိ၊ မရှိနှင့် မဆိုင်ကြောင်း၊ ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း မရှိခြင်းနှင့် ဝင်ပြိုင်လျှင်လည်း ရှုံးမှာ သေချာသည့်အတွက်ကြောင်း ဝင်မပြိုင်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ ပြောထားသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်၌ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၂) ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၁၇) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦးနှင့် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး) တဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ NLD ပါတီဝင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ဂွမြို့နယ် မဲဆန္ဒနယ်မှ ထပ်မံယှဉ်ပြိုင်မည့် အဆိုပြုလွှာအား ပါတီ ဗဟိုသို့ ပို့ထားပြီဖြစ်ကြောင်း သိရသည်။
(၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် ရခိုင်ပြည်အပါအဝင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာများတွင်လည်း ယှဉ်ပြိုင်မည် ဖြစ် ကြောင်း ALD အတွင်းရေးမှူး ဦးမျိုးကျော်မှ ပြောသည်။ ရခိုင်အမျိုးသားပါတီ (ANP) သည် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်လူမျိုးများ အတွက် စည်းရုံးရေး၊ နိုင်ငံရေး အခင်းအကျင်းတရပ် ရှိနေရန်လိုအပ်ကြောင်းနှင့် နိုင်ငံရေး အသံထွက်နေရန် လိုအပ်ကြောင်း ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် မှ ပြောသည်။ ANP ပါတီမှ နှုတ်ထွက်ခွင့်တင်ထားသည့် လွှတ်တော်ကိုယ်စားလှယ် အချို့သည် ပါတီမှ နှုတ်ထွက်ခွင့် မရသေးသည့်အတွက် အခြားနိုင်ငံရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ရန် အခက်အခဲများရှိနေပြီး ပါတီမှနှုတ်ထွက်ခွင့်မပေးခြင်းသည် နိုင်ငံရေး လုပ် ဆောင်သူအချင်းချင်း အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင် မည်ဖြစ်ကြောင်း ယခင် ANP/ယခု ALD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေမှ ပြောသည်။
(၄) ရခိုင်ပြည်၌ ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ရန် နောက်ကျနေပြီဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်မှတပ်မတော်၏ သဘောထားကို စောင့်နေခြင်းသည်လည်း အခက်တွေ့နေရကြောင်းနှင့် ရခိုင်ပြည်ထဲမှ ဒုက္ခသည်စခန်းများတွင် မဲပုံးများထားပေးရန် ရွေးကောက်ပွဲ ကော်မရှင်အား တင်ပြသွားမည်ဖြစ်ကြောင်း ANP ပါတီ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှ ပြောသည်။ ဒုက္ခသည်များအကြား၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုအားနည်းနေပြီး မြေပုံမြို့နယ်၊ ကိုင်းကြီး စစ်ရှောင်စခန်း တာဝန်ခံ ကိုရွှေစိုးမှ ပြောသည်။
(၅) လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်းရှိ မူဆလင်များအား ဆန္ဒမဲပေး ပိုင်ခွင့်နှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ပိုင်ခွင့်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ တောင်းဆိုထားပြီး NLD ပြန်ကြား ရေးအဖွဲ့ဝင် မုံရွာ အောင်ရှင်မှ ၎င်း၏သဘောဆန္ဒအရဆိုလျှင် ဤကဲ့သို့ တောင်းဆိုမှု သည် ဖြစ်သင့်ကြောင်း ပြောသည်။ (၄၄) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှု ဖြစ်ဖို့ဆိုလျှင် မူဆလင်များအား မဲပေးခွင့်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အင်ဒရူးမှ ပြောသည်။ အစ္စလာမ်ဘာသာဝင် လွတ်တော် ကိုယ်စားလှယ်လောင်း (၂၀) ဦး ခန့်သည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်တို့တွင် ဝင်ပြိုင်ရန်ရှိကြောင်းနှင့် ၎င်းတို့အား ကူညီဆောင်ရွက် ပေးနိုင်ရန် အဖွဲ့ဝင် (၁၆) ဦး ပါဝင်သည့် ခွင့်တူညီမျှသော အောင်နိုင် ရေးကော်မတီ (ယာယီ) အဖွဲ့အား ဖွဲ့စည်းထားကြောင်းသိရသည်။
၃.၁.၅. အမုန်းစကား ပြောဆိုမှု
(၁) ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီး (၁) ဦးအား အစိုးရစစ်တပ်မှ လိင် အကြမ်းဖက်မှု သတင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ၏ ပြောဆိုချက်များသည် လက်ခံနိုင်စရာမရှိကြောင်း၊ စစ်ဗိုလ်ယောက္ခမ တယောက် အနေဖြင့် ရခိုင်ပြည်အနာဂါတ်အား လှဲလှယ်သင့်လျှင် လှဲမည့်သဘောရှိကြောင်း (၀၃.၀၄.၂၀) ရက်နေ့တွင် “Khaing Htun” အကောင့်ပိုင်ရှင်မှ ရေးတင်ထားသည်။
(၂) ရခိုင်အမျိုးသားပါတီမှ ဒေါ်အေးနုစိန်နှင့် ဒေါ်ခင်စောဝေတို့ (၂) ဦး တို့သည် Dr.အေးမောင် အား ထောင်ထဲထည့်ခြင်း၏ နောက်ကွယ်၌ အလိုတူ အလိုပါဖြစ်ကြောင်း၊ (၂) ဦးလုံးတွင် သမီးများအား ဗမာလူမျိုးနှင့် ပေးစားထားပြီး မျိုးချစ်တရားဟော၍ မဲဆွယ်စည်းရုံးရေး လုပ်ဝံ့ခြင်းအား အံ့သြမိကြောင်း (၀၄.၀၇.၂၀) ရက်နေ့တွင် “Zaw Gyi” အကောင့်ပိုင်ရှင်မှ ရေးတင်ထားသည်။
(၃) ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှအမျိုးသမီးအား အစိုးရတပ်မတော်မှ လိင်အကြမ်းဖက် မှုကျူးလွန်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီးအား လျော်ကြေးငွေ (၅) သိန်းပေးပြီး ကျူးလွန် ခဲ့သည့် တပ်မတော်သားများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောကြောင်း (၀၈.၀၇.၂၀) ရက်နေ့တွင် “ပြည်စောင့်သား” အကောင့်ပိုင်ရှင်မှ လုပ်ကြံရေးသားခဲ့သည်။
(၄) ဘူးသီးတောင်မြို့နယ်တွင် အစိုးရတပ်မတော်သား (၄) ဦးမှ အမျိုးသမီး (၁) ဦးအား မုဒိမ်း ကျင့်သတ်ဖြတ်သွားပြီး နားကပ်ကိုပါ ဖြုတ်ယူသွားကြောင်း (၀၈.၀၇.၂၀) ရက်နေ့တွင် “ဝီးခရရွှေရခိုင်ပြည်” အကောင့်ပိုင်ရှင်နှင့် “သူ့ကျွန်မခံ အာရကန်” အကောင့်ပိုင်ရှင်တို့မှ လုပ်ကြံရေးသားခဲ့သည်။
၃.၁.၆. အင်တာနက် ဖြတ်တောက်ပိတ်ဆို့မှုနှင့် ဒီမိုကရေစီ အလားအလာ
(၁) NLD-အစိုးရသည် အာဏာမရချိန်တွင် အာဏာရှိသူအား ဝေဖန်ခဲ့သော်လည်း အာဏာရရှိ လာချိန်၌ ယခင်အာဏာရှိသူများ ကျင့်သုံးသည့် လမ်းစဉ်အတိုင်း ကျင့်သုံးနေကြောင်း နိုင်ငံရေး အသိုင်းအဝန်းများမှ ဝေဖန်လျှက်ရှိနေကြသည်။
(၂) ရခိုင်ပြည်မှ မြို့နယ် (၈) ခုနှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်ကန့်သတ်မှုအား နယ်မြေ တည်ငြိမ်မှ ပြန်ရုပ်သိမ်းပေး မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် လိုက်သည့်ကိစ္စနှင့် ပတ်သတ်၍ NLD အစိုးရသည် ဗမာလူမျိုးများအတွက် ကောင်းချင် ကောင်းလိမ့်မည် ဖြစ်သော်လည်း တိုင်းရင်းသားများအပေါ်တွင် လုံလောက်သော စွမ်းဆောင်မှု မပေးနိုင်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်တိုက် ကျူးလွန်ခဲ့သည်ကိုတွေ့ရကြောင်း အသံအဖွဲ့ခေါင်းဆောင် မောင်ဆောင်းခမှ ပြောသည်။
၃.၁.၇. နိုင်ငံရေး ပထဝီ
(၁) (၀၅.၀၇.၂၀) ရက်နေ့တွင် အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေးနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့သည် ဖုန်းဖြင့်စကားပြောဆိုခဲ့ကြပြီး တရုတ်နှင့်အိန္ဒိယ နှစ်ဖက် တပ်များ ပဋိပက္ခ ဖြစ်ပွါးနေသည့် နယ်စပ်မှ ဆုတ်ခွါသွားခဲ့ကြပြီဖြစ်သော်လည်း Times of India သတင်းစာကြီး ၌ တရုတ်အစိုးရသည် ULA/AA ကို လက်နက်အင်အား ငွေအင်အား၊ အလုံးအရင်းဖြင့် ထောက်ပံ့ပေးပြီး ၎င်းတို့၏မဟာဗျူဟာ ရှေ့တိုးအောင်မြင်ရေးအတွက် လုပ်ဆောင်နေသည်ဟု ရေးသားထားသည်။ ထို့ပြင် အိမ်နီးချင်းများနှင့် ကုန်သွယ်ရေးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသား လုံခြုံရေးအတွက် ရှင်းလင်းချက်ပါရှိမှသာ ရောင်း ဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယမှသတင်း ထုတ်ပြန်လိုက်ခြင်းသည် ကုန်သွယ်ရေး ဆိုင်ရာ လုပ်ထုံးနည်းများအား ပိုမိုတင်းကြပ်ခြင်းဖြင့် တရုတ်အားတုန့်ပြန်လိုက်ပုံရကြောင်း Channel News Asia တွင် ရေးသားထားသည်။ (၂၀.၀၇.၂၀) ရက်နေ့တွင် နိုင်ငံတကာ ရေကြောင်းသွားလာမှု အများဆုံးနေရာတခု ဖြစ်သည့် အိန္ဒိယနိုင်ငံပိုင် ကပ္ပလီပင်လယ်နှင့် နီကိုဘာကျွန်းများအနီး၌ အိန္ဒိယနှင့် အမေရိကန်တို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း (၂) နိုင်ငံ သတင်းများမှထုတ်ပြန်ထားသည်။
(၂) ဒေသတွင်း တရုတ်နှင့် အမေရိကန်တို့၏ ပြိုင်ဆိုင်မှုမှာလည်း သိသိသာသာ ပြင်းထန် လာသည်။ ဒီမိုကရေစီစနစ်အား တရုတ်နိုင်ငံ၏နှိမ်နင်းမှုနှင့် တခြားနိုင်ငံများ၏ အချုပ် အခြာ အာဏာအား မလေးမစားလုပ်နေခြင်းများသည် စိတ်အနှောက်အယှက် ဖြစ်လာရ ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏စီးပွါးရေးများသည် မြန်မာအကျိုးထက် တရုတ် အကျိုးစီးပွါးကိုသာ ဖော်ဆောင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအား ကြွေးထူလာစေကြောင်း၊ ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် တဖြည်းဖြည်းအချုပ်အခြာ အာဏာအား ဆုံးရှုံးစေမည့် ခေတ်သစ် နည်းဗျူဟာ ဖြစ်ကြောင်း (၁၈.၀၇.၂၀) ရက်နေ့တွင် ရန်ကုန်အခြေစိုက် အမေရိကန် ယာယီ သံရုံးတာဝန်ခံ George Sibley မှ မြန်မာအပေါ် ဘယ်လို သက်ရောက်မလဲဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူမှလည်း အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ဦးစားပေး မူဝါဒကိုဖော်ထုတ်ပြီး နိုင်ငံတကာကျင့်ဝတ်နှင့် ဥပဒေစံနှုန်းများအား မျက်ကွယ်ပြု၍ လူသားဘုံအကျိုးစီးပွါးနှင့် နိုင်ငံတကာရေစီးကြောင်းအား အလေးမထားကြောင်း၊ ပြည်ပ နိုင်ငံများအခြေစိုက် အမေရိကန်အဖွဲ့အစည်းများသည် တရုတ် နိုင်ငံအား နာမည်ဖျက် မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန်သည် တရုတ်-မြန်မာ ချစ်ကြည်ရေးအား သွေးခွဲရန်ကြိုးစားနေကြောင်း (၁၉.၀၇.၂၀) ရက်နေ့တွင် တုန်ပြန့်ပြောဆို သည်။ တရုတ်-အမေရိကန် အပြန်အလှန်စွပ်စွဲ ရေးသားချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ဘက်မလိုက်မူဝါဒအား ကျင့်သုံးသွားမည်ဖြစ်ကြောင်း (၁၉.၀၇.၂၀) ရက်နေ့တွင် NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်မှ ပြောသည်။
(၃) အမေရိကန်၏ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ပုဂ္ဂလိကကဏ္ဍ သတင်းအချက် အလက်များအား ကာကွယ်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှ တရုတ်ကောင်စစ်ဝန်ရုံးအားပိတ်ရန် ညွှန်ကြားထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချန်းဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး၏ လိုင်စင်အား ရုပ်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။
(၄) တရုတ်နိုင်ငံသည် ၎င်းတို့၏မဟာဗျူဟာ အကျိုးစီးပွါးအတွက် တရုတ်ပြည်မှ အိန္ဒိယ သမုဒ္ဒရာ ဘက်သို့ ထွက်ပေါက်ဖြစ်သည့် မြန်မာနိုင်ငံကို ဖြတ်သွားသည့် ကုန်သွယ်ရေး လမ်းကြောင်းကို လိုချင်ခြင်းနှင့် မြန်မာနိုင်ငံအား အနောက်အုပ်စုနှင့် အမေရိကန်တို့၏ နောက်လိုက် မဖြစ်စေချင်ခြင်းတို့ကြောင့် မြန်မာပြည်တွင်း၌ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မကောင်းခြင်း၊ ဘင်္ဂလီကိစ္စအတွက် ICJ ခေါ်သည့် အချိန်တွင် တရုတ် အကာအကွယ်ကို လိုအပ်နေခြင်း၊ တိုင်းရင်းသား အချင်းချင်းကြားတွက် ဖက်ဒရယ် တောင်းသည်ကို ပေးမည့်ကိစ္စ၌ပင် တပ်နှင့် NLD မညီညွတ်ခြင်း၊ တခုတည်း သော တပ်မတော်ဖြစ်ရန်အတွက်ပင် တရုတ်ပြည်၏ အကူအညီနှင့် ဖိအားပေးမှုကို လိုအပ် နေခြင်းတို့ကို အခွင့်ကောင်းယူ၍ မီးစတဘက်၊ ရေမှုတ်တဘက် ပေါ်လစီ (ဝါ) ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံ ဖြန့်ကျက်ဆက်ဆံရေး ပေါ်လစီသုံး၍ မြန်မာအစိုးရကို သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ကိုင်ထားခြင်းဖြစ်ကြောင်း (၀၈.၀၇.၂၀) ရက်နေ့ VOA သတင်းသုံးသပ်ချက်တွင် သီပေါမြို့နယ် လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းမှ ပြောသည်။ (၀၉.၀၇.၂၀) ရက်နေ့တွင် တရုတ် ခါးပတ်လမ်း (BRI) စီမံကိန်းအတွက် မြန်မာနှင့်တရုတ် ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စအား ရုပ်သံမှတဆင့် ဆွေးနွေးခဲ့ကြောင်း (၁၆.၀၇.၂၀) ရက်နေ့တွင် တရုတ်သတင်း ဌာနမှ ဖော်ပြထားပြီး ပူးပေါင်းဆောင်ရွက်ရေးအား မဟာဗျူဟာမြောက် ရောက်အောင် ဆောင်ရွက်ရန် (၂) နိုင်ငံလုံးမှ အားပေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ သဝဏ်လွှာ ရေးသားပေးပို့ခဲ့သည်။
၃.၂. စစ်ရေးဆိုင်ရာ တွေ့ရှိချက်များ
၃.၂.၁. ULA/AA လှုပ်ရှားမှု
ULA/AA ဘက်မှ လက်ဦးမှုယူ လှုပ်ရှားမှုများကို အောက်ပါအတိုင်း တွေ့ရှိရသည်။
(၁) ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ထရိန်းကျေးရွာ၏ အနောက်ဘက်မီတာ (၁၂၀၀) အကွာ တောင်ပြို-မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား ULA/AA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှု (၁) ကြိမ် (ULA မှ အစိုးရတပ်လက်ချက်ဟု ငြင်း)
(၂) (၁၃.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန် ရဲကင်းစခန်းအား တိုက်ခိုက်မှု (၁) ကြိမ်
(၃) (၂၀.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာအနီး၌ အစိုးရ တပ်မတော် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှု (၁) ကြိမ်
(၄) (၂၀.၀၇.၂၀) ရက်နေ့၊ (၂၁း၀၀) နာရီတွင် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ ရာမောင် တံတားနှင့် ကမ်းနီအကြား တောင်ပုတ်ကေ ကျေးရွာအနီးတွင် အစိုးရတပ်မတော် ယာဉ်တန်းအား ချောင်းမြောင်းတိုက်ခိုက်မှု (၁) ကြိမ်
(၅) (၁၉.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာ မြောက်ဘက် (၁.၂) ကီလိုမီတာအကွာအဝေး၌ ရေလမ်းမှအင်အားဖြည့်နေသည့် အစိုးရတပ်အား တိုက်ခိုက်မှု (၁) ကြိမ်
(၆) (၂၆.၀၇.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ဒေါင်းတောင်ယိုး ကျေးရွာအနီးရှိ ခမရ (၃၇၆) တပ်ရင်းအား တိုက်ခိုက်မှု (၁) ကြိမ်
(၇) (၂၇.၀၇.၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ နရန်းကျေးရွာအနီး၌ အစိုးရတပ်မတော် စစ်ကြောင်း (၁) ခုအား မိုင်းဆွဲတိုက်ခိုက်မှု (၁) ကြိမ်
၃.၂.၂. မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှု
မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ လက်ဦးမှုယူ လှုပ်ရှားမှုများကို အောက်ပါ အတိုင်းတွေ့ရှိရသည်။
(၁) (၂၆.၀၆.၂၀) ရက်နေ့မှ (၀၅.၀၇.၂၀) ရက်နေ့အထိ အစိုးတပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု (၁၀) ရက်ဆက်တိုက်ပြုလုပ်ခဲ့သည်။
(၂) ဇူလှိုင်လ ပထမပတ်အတွင်း အစိုးရတပ်မတော်မှ အမ်းမြို့နယ်၊ ဒလက်ချောင်း၌ စစ်ဆင် ရေးလုပ်မည် သတင်းထွက်ပေါ်ခဲ့သည်။
(၃) (၁၆.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၌ အစိုးရတပ်မတော်မှ ULA/AA အား စစ်ဆင်ရေးများ စတင်ဆောင်ရွက်ခဲ့သည်။
(၄) လုံခြုံရေးအရ အင်အား နည်းသည့်စခန်းများအား ပြန်လည်စုစည်းသည့် အနေဖြင့် ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှရဲကင်းစခန်းနှင့် သဇင်မြိုင်ရဲကင်းစခန်းများကို ရုပ်သိမ်း ခဲ့သည်။
၃.၂.၃. နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု
အထက်ပါ လှုပ်ရှားထိတွေ့မှုများအပြင် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်များကို အောက်ပါ အတိုင်း တွေ့ရှိရသည်။
(၁) (၀၅.၀၇.၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်း ကထီးလှကျေးရွာ အရှေ့ဘက် ဦးပေကျော်လမ်း၌ ထိတွေ့မှု (၁) ကြိမ်
(၂) (၁၁.၀၇.၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ပေါ်၌ တိုက်ပွဲ (၁) ကြိမ်
(၃) (၁၂-၁၃.၀၇.၂၀) ရက်နေ့များတွင် မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာနှင့် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအကြား မောင်တော-အငူမော်ကားလမ်း အနီး၌် တိုက်ပွဲ (၁) ကြိမ်
(၄) (၁၅.၀၇.၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့၏မြောက်ဘက် ချောင်ရည်ကျေးရွာအနီး၌ တိုက်ပွဲ (၁) ကြိမ် (အစိုးရတပ်ဘက်မှ ဖြစ်ပွါးခြင်းမရှိဟုငြင်း)
(၅) (၁၆-၁၇-၁၈.၀၇.၂၀) ရက်နေ့များတွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာအနီး အောင်သာစည်ကျေးရွာ၊ သောင်းဒရားကျေးရွာနှင့် ထီးစွဲကျေးရွာအကြား၌ တိုက်ပွဲ (၁) ကြိမ် (၁၆.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်မှ ရဟတ်ယာဉ်သုံး)
(၆) (၂၀-၂၁-၂၂.၀၇.၂၀) ရက်နေ့များတွင် မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့ဘက်တောင်တန်းများ၌ တိုက်ပွဲ (၁) ကြိမ်
(၇) (၂၅.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီး၌ တိုက်ပွဲ (၁) ကြိမ်
(၈) (၂၅.၀၇.၂၀) ရက်နေ့တွင် ရန်ကုန်-စစ်တွေကားလမ်းထက် မင်းပြားမြို့နယ်၊ ခွဆုံရွာနှင့် မင်းရွာအကြား၌ တိုက်ပွဲ (၁) ကြိမ်
(၉) (၂၇.၀၇.၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး၌ တိုက်ပွဲ (၁) ကြိမ်
(၁၀) (၂၇.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ်၊ ကံရွာနှင့် ခေါင်းလောင်းရွာဟောင်းအကြား၌ တိုက်ပွဲ (၁) ကြိမ်
(၁၁) (၂၇.၀၇.၂၀) ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၈၂၅) ကုန်းပတ်ဝန်းကျင်၌ တိုက်ပွဲ (၁) ကြိမ်
(၁၂) (၂၈.၀၇.၂၀) ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၉၂၈) ကုန်းပတ်ဝန်းကျင်၌ တိုက်ပွဲ (၁) ကြိမ်
(၁၃) (၂၉.၀၇.၂၀) ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၉၅၇) ပွိုင့်၊ ပီတောင် အရှေ့တောင် ဘက် (၃.၇) ကီလိုမီတာ၌ တိုက်ပွဲ (၁) ကြိမ်
(၁၄) (၂၉.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) အနီးရှိ အိုးပုံသာကျေးရွာ ဘက်၌ တိုက်ပွဲ (၁) ကြိမ်
(၁၅) (၃၀.၀၇.၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ကျေးရွာနှင့် အုတ်ဖိုကန်ကျေးရွာ အနီးရှိ တောင်တန်းများနှင့် ဘုရားနီကွင်း၌ တိုက်ပွဲ (၁) ကြိမ် (အစိုးရတပ်မတော်မှ ရဟတ်ယာဉ်သုံး)
၃.၂.၄. နှစ်ဖက် ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှု
ULA/AA မှ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များအား ကားလမ်းတွင် တိုက်ခိုက်မှု (၄) ကြိမ်၊ ရေလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ကျေးရွာအနီးတွင် စစ်ကြောင်းများအားမိုင်းဆွဲ တိုက်ခိုက်မှု (၁) ကြိမ်၊ ရဲကင်းစခန်းအား တိုက်ခိုက်မှု (၁) ကြိမ်၊ အခြေချတပ်ရင်းအား တိုက်ခိုက်မှု (၁) ကြိမ် နှင့် တံတားဖောက်ခွဲဖျက်ဆီးမှု (၁) ကြိမ် ဖြစ်ပွါးခဲ့ပြီး၊ ကျန်တိုက်ပွဲများမှာ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် (၁) ကြိမ်၊ ကျေးရွှာများအနီးတဝိုက်တွင် တိုက်ခိုက်မှု (၇) ကြိမ်၊ တောတွင်းနှင့် တောင်ပေါ် ဒေသ များတွင် (၅) ကြိမ် ဖြစ်ပွါးခဲ့သည်။ ထိတွေ့တိုက်ခိုက် မှုများမှာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ် များတွင်ဖြစ်ပွါး ခဲ့ပြီး တံတားဖောက်ခွဲ ဖျက်ဆီးမှုမှာ မောင်တောမြို့နယ်တွင် ဖြစ်ပွါးခဲ့သည်။ တံတားဖောက်ခွဲ ဖျက်ဆီးရာတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုမရှိခဲ့ပေ။
၃.၂.၅. ထိတွေ့ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်နှင့် စွပ်စွဲပြောဆိုမှုများ
မြန်မာအစိုးရ တပ်မတော်ဘက်မှ ULA/AA အဖွဲ့သည် ရပ်ရွာများအား အခြေပြုပြီး မိုင်းဆွဲ တိုက် ခိုက်ခြင်း၊ ရွာထဲမှနေ၍ ပစ်ခတ်ခြင်းများ ရှိသည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရပ် သားများ ထိခိုက်ခြင်း ရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ (၁၇.၀၇.၂၀) ရက်နေ့တွင်ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှလည်း ရခိုင်ပြည် တိုက်ပွဲများ၌ အစိုးရတပ်မတော်မှ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိကြောင်း၊ ULA/AA သည် အရပ်သားအသွင်ယူပြီး တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းပြောသည်။
တိုက်ပွဲအများစုတွင် အစိုးရတပ်ဘက်မှ ကျဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း ULA/AA ဘက်မှ ထုတ်ပြန်ပြောဆိုခဲ့ပြီး မြန်မာအစိုးရတပ်မတော်ဘက်မှ ဘူးသီးတောင်မြို့နယ်၊ ချောင်ရည်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွါးမှု မရှိခဲ့ကြောင်း၊ မင်းပြားမြို့နယ် ခွဆုံနှင့် မင်းရွာကြား တိုက်ပွဲတွင်လည်း ကျဆုံးမှု မရှိကြောင်း ငြင်းဆိုပြီး မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီး တိုက်ပွဲ၌ ဖမ်းဆီးခံ ရှိ-မရှိ စစ်ဆေးနေကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
တောင်ပြို-မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား မိုင်းထောင်ဖောက်ခွဲသည့် ကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲလျက်ရှိကြပြီး အစိုးရ ရေတပ်စခန်းမှ ပစ်ခတ်မှုကြောင့် ကျောက်ဖြူ-ယူနန်ဂတ်စ်ပိုက်လိုင်းအနီး၌ လက်နက်ကြီးအချို့ကျခဲ့ကြောင်း ULA/AA ၏ စွပ်စွဲချက် သည် မဟုတ်မှန်ကြောင်း မြန်မာအစိုးရတပ်မတော်ဘက်မှ ငြင်းဆိုခဲ့သည်။
၃.၂.၆. မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ULA/AA နှင့် ဆက်စပ်၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖမ်းဆီးမှုများ
(၀၁.၀၇.၂၀) ရက်နေ့တွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီး၌ ULA/AA နှင့် ပတ်သက် ဆက်နွယ်သူ (၂) ဦးနှင့် တပ်သားအဆင့်ရှိသူ (၁) ဦးကို ဖမ်းဆီးကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်၍ ကျောက်တော်မြို့မရဲစခန်း၌ ချုပ်နှောင်ထားသည်။
(၁၂.၀၇.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ် (၁) ရပ်ကွက်မှ အမွှာညီအစ်ကို (၂) ဦးအား ကြိုးအသေး (၂) ချောင်းနှင့် ဘတ်ထရီ ဓာတ်ခဲ (၂) ခု တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ပြီး မအီရဲစခန်း၏ အနောက်ဘက်ရှိ တပ်မတော်သားများနေထိုင်သည့် အဆောင်များအထဲ၌ ထိန်းသိမ်းထားသည်။
(၁၁.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ ဖမ်းဆီးခံရသူ (၂) ဦးအနက် (၁) ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် (၁) ဦးအား ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည်ဟု သိရသည်။
(၁၃.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ညီအစ်ကို (၂) ဦးအား ULA/AA နှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်းသိရသည်။
(၂၁.၀၇.၂၀) ရက်နေ့၊ (၁၈း၀၀) နာရီတွင် ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာမှ ပေါင်နက်ကြီး ကျွန်းသို့ လှေစီးလာသူ (၆) ဦးအနက် (၄) ဦးအား ဖမ်ဆီးထားပြီး (၂) ဦးသည် (၀၃.၀၆.၂၀) ရက်နေ့၊ သိုင်းချောင်းလမ်းဆုံ၌ မိုင်းဖောက်ခွဲမှုဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ULA/AA အတွက် ရိက္ခာနှင့် ဆက်ကြေး ကောက်ခံပေးနေသူများဖြစ်ကာ ယခု ပေါင်နက်ကြီးကျွန်းသို့ လာရောက်၍ တပ်မတော်သားများ၏ လှုပ်ရှားသွားလာမှုများအား စုံစမ်းခြင်းဖြစ်ကြောင်း မြန်မာအစိုးရတပ်မတော် မှ ထုတ်ပြန်သည်။
(၂၂.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီး (၃) ဦးအား ULA/AA ကို ရိက္ခာထောက်ပံ့ပေးသောကြောင့် ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် ကျောက်ဖြူမြို့မ ရဲစခန်း၌ အမှုဖွင့်ထားသည်။
၃.၂.၇. ထူးခြားချက်များ
မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှ ရဲကင်းစခန်းနှင့် သဇင်မြိုင်ရဲကင်းစခန်းများကို ရုပ်သိမ်းခဲ့သည်။ ယခင် တိုက်ပွဲများတွင် ရဟတ်ယာဉ်အပြင် တိုက် လေယာဉ်များကို ကြိမ်ရေများများ အသုံးပြုခဲ့သော်လည်း ဇူလိုင်လတွင် ရသေ့တောင် မြို့နယ်၊ ကျောက်တန်းတိုက်နယ် ကျေးရွာများကြား တိုက်ပွဲနှင့် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ကျေးရွာနှင့် အုတ်ဖိုကန်ကျေးရွာအနီးတိုက်ပွဲများတွင်သာ ရဟတ်ယာဉ် အသုံးပြုခဲ့သည်ကို တွေ့ရသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး (၄) နှစ်တာကာလအတွင်း ရခိုင်စစ်တိုင်းမှူး (၄) ဦးအထိ အပြောင်း အလဲရှိကြောင်း တွေ့ရသည်။
ULA/AA အနေဖြင့် ယခင်လများတွင် တဦးချင်းလုပ်ကြံသတ်ဖြတ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွင် တိုက်ခိုက်မှု။ မြန်မာအစိုးရ တပ်မတော်အခြေစိုက် စခန်းများအနီးသို့ ချဉ်းကပ်၍ မိုင်းထောင်ရန် ကြိုးပမ်းမှု။ ရဲကင်းစခန်းများအား တိုက်ခိုက်မှုကို အဓိကထားခဲ့သော်လည်း ဇူလိုင်လ တွင် ရသေ့တောင်မြို့နယ် ချိန်ခါလိန် ရဲကင်းစခန်းအပြင် ကျောက်တော်မြို့နယ်၊ ဒေါင်းတောင်ယိုး ကျေးရွာအနီးရှိ ခမရ (၃၇၆) တပ်ရင်းအား တိုက်ခိုက်မှုနှင့် မင်းပြားမြို့နယ် တိုင်းဗဟို (၉) အနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့မှုများကို တွေ့ရသည်။
၃.၃. လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များ
၃.၃.၁. မတရားဖမ်းဆီးချုပ်နှောင်ခြင်း
(၁) ယခင်က မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးမှုများ
(၁.၁) ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်သို့ ပြက္ခဒိန်သွားရောင်းနေချိန်တွင် ဖမ်းဆီး ခံရပြီး ရက္ခိတပြက္ခဒိန်၌ ULA/AA ထူထောင်သည့် နေ့စွဲပါရှိသဖြင့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တရားစွဲဆို ထောင်ချခံခဲ့ရသည့် လူငယ် (၄) ဦးအထဲမှ (၂၇.၀၇.၂၀) ရက်နေ့တွင် (၃) ဦး ပြန်လည် လွတ်မြောက်လာပြီး ထုတ်ဝေရောင်းချသူ (၁) ဦးကို (၀၁.၀၇.၂၀) ရက်နေ့တွင် မြောင်းမြထောင်သို့ ပြောင်းရွေ့ထားသည်။
(၁.၂) (၀၃.၁၂.၁၉) ရက်နေ့တွင် အစိုးရတပ်မတော်မှ ဖမ်းဆီးပြီး အကြမ်းဖက်မှု ၅ဝ (က)နဲ့ နှင့် ၅၂ (က) တို့ဖြင့် တရားစွဲခံရကာ စစ်တွေထောင်၌ (၇) လကြာ နေခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ အငူမော် ကုန်တန်းကျေးရွာမှ ကျောင်းဆရာ ဦးကျော်ဆန်းနိုင်၊ အသက် (၃၄) နှစ်နှင့် ကျောင်းစာရေး ကိုနေဇော်ထွန်း၊ အသက် (၂၂) တို့သည် (၁၇.၀၇.၂၀) ရက်နေ့တွင် သက်သေများအား စစ်ဆေးပြီးနောက် အမှုမမြောက်၍ ပြန်လွတ်လာကြောင်း မိသားစုများမှ ပြောသည်။
(၁.၃) (၀၉.၀၆.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့မှ ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ ဦးမျိုးလွင်အား (၁၂.၀၇.၂၀) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
(၁.၄) ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ULA/ AA နှင့် ဆက်စပ်၍ ဖမ်းဆီး ခံရသူ (၅) ဦး၏ အမှုအား (၂၉.၀၇.၂၀) ရက်နေ့တွင် စစ်တွေခရိုင် တရားရုံးမှ စစ်ဆေးခဲ့သည်။
(၁.၅) (၂၆.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ ဖမ်းဆီးခံ ရသူ လူငယ် (၉) ဦးထဲမှ (၂) ဦးကို (၀၄.၀၇.၂၀) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး (၇) ဦးကို ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတို့ဖြင့် အမှုဖွင့်ထားသည်။
(၁.၆) (၂၇.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဖမ်းဆီး ခံရသူ (၅) ဦးထဲမှ (၂) ဦးကို (၀၄.၀၇.၂၀) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
(၁.၇) (၀၅.၀၄.၂၀) ရက်နေ့တွင် ဖမ်းဆီးခံရသည့် ကျောက်တော် မြို့နယ်၊ ပေါက်တော ပလောင် ကျေးရွာမှ ကိုမောင်ကျော်လှိုင်အား ယနေ့အချိန်ထိ တရားစွဲဆိုမှု မရှိသေးဘဲ စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်ခံနေရကြောင်းသိရသည်။
(၁.၈) (၂၇.၀၅.၀၇) ရက်နေ့တွင် ဖမ်းဆီးခံရသည့် ကျောက်ဖြူမြို့၊ အဝေးပြေးကား အသင်းဥက္ကဋ္ဌ ဦးကျော်အေးသန်းအား မိသားစုများ အဆက်အသွယ်မရသေး ကြောင်း သိရသည်။
(၁.၉) (၀၂.၀၆.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ချက်ဖောက်ကျေးရွာမှ ဖမ်းဆီး ခံရသူ ကိုနေအေးဝင်းအား မိသားစုများ အဆက်အသွယ်မရသေးကြောင်း သိရသည်။
(၁.၁၀) (၂၆.၀၆.၂၀) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာမှ ဖမ်းဆီး ခံရသူ ကိုဇော်မင်းထွန်း၊ အသက် (၃၁) နှစ်အား မိသားစုများ အဆက်အသွယ် မရသေးကြောင်း သိရသည်။
(၂) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးမှုများ
(၂.၁) (၀၃.၀၇.၂၀) ရက်နေ့တွင် မြောက်ဦးမြို့ပေါ်ရှိ အလက်ဈေးရပ်ကွက်မှ ရခိုင် အမျိုးသား (၁) ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ပြန်မလွှတ်သေးကြောင်း သိရသည်။
(၂.၂) (၀၇.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ဖမ်းဆီး ခံရသူ (၄) ဦးအနက် (၃) ဦးအား ပြန်လွှတ်ပေးလိုက်ကာ ကိုမောင်ဝင်းနိုင်အား ကျောက်ဖြူမြို့၊ (၃၄) တပ်ရင်းသို့ ဖမ်းဆီးသွားကြောင်းနှင့် ယခုအချိန်ထိ အဆက် အသွယ်မရသေးကြောင်း သိရသည်။
(၂.၃) (၂၉.၀၆.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး မိုင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ ကမာကျေးရွာမှ ဦးအောင်လွင်စိုးအား (၀၈.၀၇.၂၀) ရက်နေ့တွင် လည်းကောင်း စစ်ဆေးရန် ခေါ်ယူသွားပြီး (၀၃.၀၇.၂၀) ရက်နေ့ တွင်လည်းကောင်း၊ ၎င်းဇနီး၏ အစ်မဖြစ်သူ ဒေါ်စိုးစိုးမော်အား (၀၃.၀၇.၂၀) ရက်နေ့တွင် ဦးအောင်လွင်စိုးအား မိသားစုများ အဆက်အသွယ်မရသေးကြောင်း သိရသည်။
(၂.၄) (၀၇.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ဖမ်းဆီးခံ ရသူ (၄) ဦးတွင် (၂) ဦးကို ပြန်လွှတ်ပေးခဲ့သည်။
(၂.၅) (၁၁.၀၇.၂၀) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်း ကျေးရွာမှ (၆) ဦး ဖမ်းဆီးခံခဲ့ရသည်။
(၂.၆) (၁၃.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ရွာမှ (၃) ဦး ဖမ်းဆီးခံခဲ့ပြီး (၁၄.၀၇.၂၀) ရက်နေ့တွင် ပြန်လွတ်လာသည်။
(၂.၇) (၂၁.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာမှ (၂) ဦးဖမ်းဆီးခံ ခဲ့ရသည်။
(၂.၈) (၂၂.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန် ကျေးရွာမှ ဦးမောင်ထောင်အား ဖမ်းဆီးခဲ့ပြီး (၂၄.၀၇.၂၀) ရက်နေ့တွင် ပြန်လွတ်လာသည်။
(၂.၉) (၂၆.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော် ကျေးရွာမှ လူငယ် (၃) ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ထိုနေ့တွင် (၂) ဦး၊ (၂၇.၀၇.၂၀) ရက်နေ့တွင် (၁) ဦး ပြန်လွှတ် ပေးခဲ့သည်။
(၂.၁၀) ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ အစိုးရတပ်မတော်မှ သံသယဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် သတင်းမကြားရ၊ မိသားစုများနှင့် အဆက် အသွယ်မရ ဖြစ်နေသူ (၃၀) ဦးခန့်ရှိပြီး ၎င်းတို့မှာ တောင်ကုတ်မြို့နယ်၊ ကမာ ကျေးရွာမှ (၂)ဦး၊ ချက်ဖောက်ကျေးရွာမှ (၁) ဦး၊ လမူးမော်စံပြကျေးရွာမှ (၁) ဦးဖြစ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ကျေးရွာမှ (၂) ဦး၊ ကျောက်တော် မြို့နယ်၊ ခေါင်းတုတ်ကျေးရွာမှ (၂) ဦး၊ တင်းမကျေးရွာမှ (၁၈) ဦးနှင့် မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ (၂) ဦး၊ နှင့် နရမ်းကျေးရွာမှ (၂) ဦးတို့ ဖြစ်သည်။ ထိုဖြစ်ရပ် များနှင့် ပတ်သက်ပြီး ဖမ်းဆီးပြီးလျှင် တရားဥပဒေအတိုင်း တရားစွဲဆိုသင့်ပြီး သက်သေ အထောက်အထားများရှိလျှင်လည်း တရားရုံးတွင် ဖြေရှင်းမည့် ဥပဒေ ရှိကြောင်း ရသေ့တာင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ မှ ပြောသည်။
(၃) ယခင်က ULA/AA မှ ဖမ်းဆီးမှုများ
(၃.၁) (၁၆.၀၇.၁၉) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ဘောင်းဝကျေးရွာသား ခူမီး ချင်း အမျိုးသား (၄) ဦးအား ကုလားတန်မြစ် ကြောင်းပေါ်ရှိ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှအပြန်၌ ULA/AA မှ ဖမ်းသွားခဲ့မှုအား ပြန်လွှတ်ပေးရန် (၀၉.၀၇.၂၀) ရက်နေ့တွင် မိသားစုများမှ ပြောကြားသည်။
(၄) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ULA/AA မှ ဖမ်းဆီးမှုများ
(၄.၁) (၂၉.၀၇.၂၀) ရက်နေ့တွင် ကျောက်တော်မှ ပလက်ဝသို့ ရေကြောင်းလမ်းအား ပိတ်ထား သောကြောင့် ကုန်လမ်းမှလာနေသည့် ခူမီးချင်းတိုင်းရင်းသား (၄) ဦးအား ကျောက်တော် မြို့နယ်၊ ငသရိုင်းကျေးရွာ၌ ULA/AA မှ ဖမ်းသွားခဲ့သည်။
၃.၃.၂. ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း
(၁) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက်မှုများ
(၁.၁) (၂၇.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ကန်ဇောက်တောင်ခြေရှိ အစိုးရ တပ်မတော်က ဖမ်းဆီးရာမှ ပြန်လွတ်လာသူ ကိုအောင်နိုင်စိုးသည် ဖမ်းဆီးခံထားရချိန်၌ ညှင်းပန်းနှိပ်စက်မှုများကြောင့် နံရိုးများနာနေပြီး လမ်းမလျှောက်နိုင်ကြောင်းသိရသည်။
(၂) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက် မှုများ
(၂.၁) (၀၂.၀၆.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ချက်ဖောက်ကျေးရွာမှ နေအိမ်၌ ဗုံးတွေ့သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ခံထားရသော ကိုကျော်တင်အောင်သည် တောင်ကုတ်မြိုနယ် ရဲစခန်းအချုပ်တွင် ညှင်းပန်းနှိပ်စက်ခံနေရကြောင်း သိရသည်။
(၂.၂.) (၂၈.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ်၊ ပါးတော်ကျေးရွာမှ ကိုထွန်းထွန်းဝင်း၊ အသက် (၃၈) နှစ်အား မြောက်ဦးမြို့နယ်၊ နရန်းကျေးရွာအနီးတွင် အစိုးရ တပ်မတော် စစ်ကြောင်းတခုမှ ခေါ်ယူကာ ထိုးကြိတ်စစ်ဆေးခဲ့သည်။
(၃) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ထိခိုက် ဒဏ်ရာရမှုများ
(၃.၁) (၀၃.၀၇.၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တန်းမြင့်ကြီးကျေးရွာ၌ မြန်မာ အစိုးရတပ်မတော် စစ်ကြောင်းတခုမှ ပစ်ခတ်ဝင်ရောက် လာသောကြောင့် ဦးသာလှအောင်၊ အသက် (၇၀) နှစ်၏ နောက်ကျောအား ကျည်ထိမှန်ခဲ့သည်။
(၃.၂) (၁၁.၀၇.၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ အနောက်မြောက်ဘက်ရှိ အစိုးရ တပ်မတော် စခန်းချထားသည့် တောင်ပေါ်မှပစ်ခတ်သဖြင့် ရွာဟောင်းပိုင်း ရပ်ကွက်၌ နေထိုင်သူ မနန္ဒာဦး၊ အသက် (၁၃) နှစ်၏ ညာဖက်ခြေသလုံးအား ကျည်ဖောက်ထွက် ဒဏ်ရာရရှိခဲ့သည်။
(၃.၃) (၁၁.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာ၌ မြန်မာ အစိုးရတပ်မတော် စစ်ကြောင်းတခုမှ ပစ်ခတ်သောကြောင့်၊ ဒေါ်မသန်းဝင်း၊ အသက် (၅ဝ) နှစ်၏ ဘယ်ဘက်ခြေသလုံးတွင် ကျည်ရှပ်ထိမှန်ခဲ့ပြီး ဒေါ်ဦးသန်းခင်၊ အသက် (၃၇) နှစ်၏ ညာဘက်လက်မောင်းသို့ ကျည်ဖောက်ဝင် သွားခဲ့သည်။
(၃.၄) (၁၂.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ကဇုကိုင်းတံတားအနီးရှိ အစိုးရ တပ်မတော် လုံခြုံရေးဂိတ်မှ ပစ်ခတ်သောကြောင့် မြေပုံမြို့နယ်၊ ကျောက်ဖြာ ကျေးရွာမှ မြောက်ဦးမြို့သို့ စက်လှေဖြင့်သွားသည့် ဦးထွန်းထွန်းချေ၊ အသက် (၃၀) နှစ်၏ ဘယ်ဘက်လက်ဖျံနှင့် ဦးခေါင်းတွင်လည်းကောင်း၊ ဒေါ်မူမူခိုင်၊ အသက် (၄၂) နှစ်၏ ဦးခေါင်းတွင်လည်းကောင်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ သည်။
(၃.၅) (၂၆.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ်၊ ကျောင်းတောင် တောင်းတန်းပေါ်၌ ယာယီတပ်စွဲထားသည့် အစိုးရတပ်မှ ပစ်ခတ်သောကြောင့် င/စရိုင်းချောင်း၊ ထောင့်ချေကျေးရွာမှ ဦးထွန်းဝင်း၊ အသက် (၄၅) ၏ ညာဘက်ပေါင်တွင် ကျည် ထိမှန်ခဲ့သည်။
(၃.၆) (၂၆.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းတောင်ပေါ်ရှိ အစိုးရ တပ်မတော်မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်သောကြောင့် သဲကမ်းထောင်း ကျေးရွာမှ ဦးမောင်မောင်သန်း၊ အသက် (၅၅) နှစ်၊ ဦးထွန်းထွန်းသိန်း၊ အသက် (၃၁) နှစး၊ ကိုငလုံး၊ အသက် (၂၅) နှစ် နှင့် မမေလှချေ၊ အသက် (၂၀) နှစ်တို့ ဒဏ်ရာရရှိခဲ့သည်။
(၄) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ
(၄.၁) (၁၃.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာသစ် အတွင်း သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ဦးမောင်ထွန်းဝင်း၊ အသက် (၅၀) နှစ်၏ ခြေထောက်တွင်လည်းကောင်း၊ ဒေါ်ဦးမြင့်ကြည်၊ အသက် (၄၁) နှစ်၏ လက်မောင်းတွင်လည်းကောင်း၊ မောင်နေဆန်းမင်း၊ အသက် (၁၃) နှစ်၏ ရင်ဘတ်တွင်လည်းကောင်း ဒဏ်ရာရရှိခဲ့သည်။
(၄.၂) (၁၆.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့ပေါ်ရှိ တပ်မတော်တပ်ရင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျောက်တန်းကျေးရွာမှ ဒေါ်နုစိန်၊ အသက် (၆၆) နှစ်၏ ညာဖက်ခြေထောက် တွင်လည်းကောင်း၊ သောင်းဒရား ကျေးရွာအနီး၌ လယ်ထွန်နေသည့် ဦးကျော်သန်း၊ အသက် (၄၈) နှစ်၏ ဘယ်ဘက် တံတောင်ဆစ်တွင်လည်းကောင်း၊ ဦးမောင်ခင်လှ၊ အသက် (၄၇) နှစ်၏ ညာဘက်ဒူးတွင်လည်းကောင်း၊ ဦးမောင်လှ၊ အသက် (၃၉) နှစ်၏ ဝမ်းဗိုက်တွင်လည်းကောင်း လက်နက်ကြီး ကျည်စထိမှန်ခဲ့သည်။
(၄.၂) (၂၀.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွါးရာ ဒေါ်မတင်ကြည်၊ အသက် (၄၃) နှစ်၏ နောက်ကျောသို့ ကျည်ဆန်ထိမှန်ခဲ့သည်။ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့မှ ဆလိုင်း သိန်းမြင့်က မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကို အတည်မပြုနိုင်ဖြစ်ပြီး တိုက်ပွဲနှင့် မသက်ဆိုင် သူများအား မထိခိုက်စေလိုကြောင်းနှင့် ထိခိုက်မှုရှိလျှင်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ အပြန်အလှန် စွပ်စွဲမှုသာရှိကြောင်း ပြောသည်။
(၅) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရမှုများ
(၅.၁) (၂၉.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာမှ ဦးမောင်တင်၊ အသက် (၆၀) နှစ်အား လိုက်ရှာစဉ် မိုင်းထပ်မံပေါက်ကွဲမှုကြောင့် ဦးဆန်းဝင်း၊ အသက် (၄၈) နှစ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
၃.၃.၃. သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း
(၁) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက်၍ သေဆုံးမှုများ
(၁.၁) (၁၁.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော် တပ်ရင်း (၃၄) နှင့်(၃၆) တို့မှ ဖမ်းဆီးခဲ့သည့် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာသား ကိုစိုးမြင့်ထွန်း အသက် (၃၇) နှစ်သည် လည်ပင်းရိုးကျိုးကာ သေနတ်ဖြင့် ထုထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ ၎င်း၏ အလောင်းအား ရဲစစ်ချက်ဖြင့် ခွဲစိတ်ပြီးမှ မိသားစုအား အလောင်းအပ်ခြင်းဖြစ် သည်။ မြန်မာအစိုးရတပ်မတော်မှ ၎င်းသည် ULA/AA အဖွဲ့ဝင်ဖြစ်ပြီး တဦးချင်းစီ ထိန်းသိမ်းထားစဉ် ကြိုးဆွဲချသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ သို့ရာတွင် ၎င်းသည် ရဲစခန်း၌ ကြိုးဆွဲချသေဆုံးသွားခြင်း မဟုတ်ကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်မှူးသန်းနိုင်မှ ပြောဆိုခဲ့သည်။
(၂) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ သတ်ဖြတ်မှုများ
(၂.၁) (၃၀.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စစ်တော-ကျောက်ဖြူ ကား လမ်းအနီး တိုက်ပွဲတွင် အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သောကြောင့် သေဆုံး သွားသူ ဦးကြိုးကြာဥ၊ အသက် (၆၇) သည် တပ်မတော်ဖက်က ထုတ်ပြန်သည့် အတိုင်း ULA/AA အဖွဲ့ဝင် မဟုတ်ဘဲ လယ်သမား တဦးသာဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်ပုကြည်မှ ပြောသည်။
(၃) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ သတ်ဖြတ်မှုများ
(၃.၁) (၀၇.၀၇.၂၀) ရက်နေ့တွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီး၌ တွေ့ရှိ သည့် အမျိုးသားတဦး၏ ခြေဖျားမှခါးအထိရှိသော ညာဘက်ပေါင် (၁) ချောင်း သည် ပိုက်သည်ရပ်ကွက်မှ ဦးကျော်လှိုင် အသက် (၃၁) နှစ်၏ ကိုယ်အစိတ် အပိုင်းဖြစ်ကြောင်းနှင့် (၀၂.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော် စစ်ကြောင်း တခုမှ ဖမ်းဆီးခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်စုချေမှ ပြောသည်။ ဤဖြစ်စဉ်နှင့် ပတ် သက်ပြီး ဒေသခံများသည် ရှေ့တန်းစစ်မြေပြင်သို့ ရောက်နေ သလိုခံစားနေရပြီး မိမိ၏အသက်ကို လုံခြုံမှုမရှိသလို ခံစားရကြောင်းနှင့် နောက်ထပ် ဒေသခံများ ယခုလိုအဖြစ်မျိုးကြုံလာမည်ကို စိုးရိမ်ကြောင်း ကျောက်တော်မြို့ခံ ကိုထွန်းခင်မှ ပြောသည်။
(၃.၂) (၁၃.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာမှ ဦးမောင်ထွန်းစိန်၊ အသက် (၆၀) နှစ်အား တိုက်ပွဲဖြစ်ပွါးသဖြင့် နေအိမ်တွင် ပုန်းခို နေစဉ် အစိုးရတပ်မတော်သားများမှ ခေါ်ယူ သတ်ဖြတ်ခဲ့ကြောင်း ဇနီးဖြစ်သူမှ ပြောသည်။
(၄) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ULA/AA မှ သတ်ဖြတ်မှုများ
(၄.၁) (၀၅.၀၆.၂၀) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ တုန်းမ၀ကျေးရွာမှ ပိချောင်းနှင့် ငသရိုင်း ကျေးရွာဘက်သို့ ဆန်ရှာဖွေရန်သွားသည့် ဦးလှကျော်၊ အသက် (၆၂) နှစ်အား ULA/AA အဖွဲ့ဝင်များမှ (၂) ဦးမှ ဖမ်းဆီးခဲ့ပြီး (၁၇.၀၇.၂၀) ရက်နေ့တွင် အလောင်းအား တွေ့ရှိခဲ့သဖြင့် ၎င်းတို့၏စခန်းနေရာအား သိမည်စိုးရမ်၍ သတ် ခြင်းဖြစ်နိုင်ကြောင်းနှင့် မည်သည့် လက်နက်ကိုင်အဖွဲ့မဆို တိုက်ပွဲနှင့် တိုက်ရိုက် မသက်ဆိုင်သည့် ဒေသခံအရပ်သားများ၏ အသက်အိုးအိမ်များအား လက်လွတ် စပယ် ဖျက်ဆီးခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ခူမီးချင်းမျိုးနွယ်စု များရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ညှိနှိုင်းရေးမှူး ဆလိုင်းစောမြမှ ပြော သည်။
(၄.၂) (၂၃.၀၅.၂၀) နေ့တွင် ULA/AA မှ ဖမ်းဆီးသွားသည့် ALP/ALA အဖွဲ့ဝင် (၂) ဦးအား သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း (၂၃.၀၇.၂၀) ရက်နေ့တွင် ALP တာဝန်ရှိ သူ တဦးမှ ပြောကြားသည်။
(၅) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးမှုများ
(၁၁.၀၇.၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွါးရာမှ လက်နက်ကျည် ကျရောက်သောကြောင့် ရွာဟောင်းပိုင်းရပ်ကွက်ရှိ ဦးရွှေသာ၊ အသက် (၇၅) နှစ်၏ ဘယ်ဖက်ရင်အုံ အောက်နားသို့ ကျည်ထိမှန်သေဆုံးသွားသည်။
(၆) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း မိုင်းနင်းမိ၍ သေဆုံးမှုများ
(၆.၁) (၀၈.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ င/တောက်တူချေ ကျေးရွာမှ ဦးဦးကျော်သန်း၊ အသက် (၆၆) နှစ်သည် နွားကျောင်းနေချိန် မိုင်းနင်းမိသဖြင့် သေဆုံးသွားသည်။
(၆.၂) (၂၉.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာမှ ဦးမောင်တင်၊ အသက် (၆၀) နှစ်သည် ဥယာဉ်ခြံသို့ ဒညှင်းသီးခူးရန်သွားစဉ် မိုင်းနင်းမိ သောကြောင့် သေဆုံးသွားပြီး ၎င်းအား လိုက်ရှာစဉ် အနီးမှမိုင်း ထပ်မံ ပေါက်ကွဲ မှုကြောင့် ကဇူးကိုင်းကျေးရွာမှ ကိုဆူပါချေ၊ အသက် (၂၈) နှစ်လည်း သေဆုံး ခဲ့သည်။
၃.၃.၄. ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း
(၁) (၂၇.၀၆.၂၀) ရက်နေ့မှစ၍ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအတွင်း သွားလာနေသည့် ဟွန်ဒါစက်လှေ (၁၃၉) စီးကို မြန်မာအစိုးရတပ်မတော်အား အပ်နှံထားရသည်။
(၂) (၀၂.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်စစ်ကြောင်းမှ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ခြေရာတော်ကျေးရွာရှိ နေအိမ် (၃၁) ဆောင်အား ဖောက်ထွင်းခဲ့ပြီး နေအိမ် များနှင့် ဈေးဆိုင်များမှ ပစ္စည်းများကို ယူဆောင်သွားကာ ဖျက်ဆီးမှုများကိုလည်း ပြုလုပ်ခဲ့ သည်။
(၃) (၁၃.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာသစ်သို့ ဝင်ရောက်လာ သည့် အစိုးရ တပ်မတော်သားများမှ ဦးမောင်ထွန်းစိန်၏ ဈေးဆိုင်ခန်းကို ဖောက်ထွင်းကာ စားသောက်ကုန် ပစ္စည်းများနှင့် တခြားပစ္စည်းများကို ယူဆောင်သွားခဲ့သည်။
၃.၃.၅. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း
(၁) NLD အစိုးရလက်ထက် (၄) နှစ်ကျော်ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို သဖြင့် တရားစွဲခံရသူ (၁၀၅၁) ဦးရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း (၅၃၉) မှု ရှိကြောင်း အသံအဖွဲ့မှ ထုတ်ပြန်သည်။ ထိုသို့ တရားစွဲဆိုခံရသည့် အမှုများတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ အများဆုံးဖြစ်ပြီး ငြိမ်း၊စု၊စီ၊ နိုင်လွတ်လုံ၊ မတရားအသင်းများ အက်၊ အကြမ်းဖက် တိုက်ဖျက်ရေးစသည့် ဥပဒေပုဒ်မတို့အပြင် ရာဇသတ်ကြီးပုဒ်မ တို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
(၂) ရခိုင်ပြည်နှင့် ချင်းပြည်နယ်တွင် အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသူများအား ငြိမ်း၊စု၊စီ ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း၊ ရုံးချိန်းမလာသူများအား တရားခံပြေးအဖြစ် ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
(၃) အင်တာနက်အသုံးပြုကာ ပဋိပက္ခများဖြစ်စေရန် လှုံ့ဆော်သည့် အကြောင်းအရာများ ရေးသားခြင်း၊ ULA/AA အဖွဲ့မှ မိုဘိုင်းလ် အင်တာနက်ကို အသုံးပြုပြီး ဖုန်းဖြင့် မိုင်း ထောင်ခြင်းများကြောင့် အင်တာနက် ဖြတ်ထားရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွါးမှု လျော့မသွားသည့်အပြင် ထိခိုက် သေဆုံးမှုများလာပြီး လူမျိုးရေး၊ ဘာသာရေး၊ လှုံဆော်မှုများလည်း လျော့မသွား သောကြောင့် အသံအဖွဲ့ခေါင်းဆောင် မောင်ဆောင်းခမှ ပြောသည်။ ရခိုင်ပြည်မှ မြို့နယ် (၈) ခုနှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်ကန့်သတ်မှုအား နယ်မြေတည်ငြိမ်မှ ပြန်ရုပ်သိမ်းပေး မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည့် ကိစ္စနှင့်ပတ်သတ်၍လည်း NLD အစိုးရသည် ဗမာလူမျိုးများအတွက် ကောင်းချင်ကောင်း လိမ့်မည် ဖြစ်သော်လည်း တိုင်းရင်းသားများအပေါ်တွင် လုံလောက်သော စွမ်းဆောင်မှု မပေးနိုင်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်တိုက်ကျူးလွန်ခဲ့သည်ကို တွေ့ရကြောင်းလည်း သူကဆိုသည်။
(၄) ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) မှ မိုင်နန်းဝေအား ထမင်းဝအောင်စားထား၊ မကြာမီ ငရဲသို့ ပို့ပေးမည်ဟုဆိုကာ တယ်လီဖုန်း၊ အင်တာနက် Messenger တို့မှ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ခံနေရသဖြင့် မိမိတို့ဒေသ၌ တိုက်ပွဲများဖြစ်ပွါး နေသည့်အတွက် ဒုက္ခရောက် နေရသည် ကို ယခုလိုပြောခွင့်မရှိဘူးလားဟု ULA/AA သို့ မေးချင်ကြောင်း ပြောသည်။
၃.၃.၆. လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း
(၁) ပလက်ဝမြို့အထက်ရှိ မြစ်ကမ်းဘေး၌ ဂိတ်ချတပ်စွဲထားသည့် တပ်မ (၁၁) လက် အောက်ခံ တပ်မတော်သားများမှ ယခုနှစ် မေလအတွင်းမှစ၍ ကုလားတန်မြစ်အတွင်း သွားလာနေသော ခရီးသွားစက်လှေများအား အစိုးရပိုင်းနှင့် တပ်မတော်တာဝန်ရှိသူများ အား တရားဝင်အကြောင်းကြားကာ ခရီးသွားခြင်းဖြစ်သော်လည်း ပစ်ခတ်နေသဖြင့် မြို့အထက်ပိုင်း ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူဦးရေ (၅ဝဝ) ခန့် ပလက်ဝမြို့၌ သောင်တင်နေကြသည်။
(၂) အလားတူပင် အမ်းမြို့နယ်၊ ကဇုကိုင်းတံတားအနီးရှိ အစိုးရ တပ်မတော်လုံခြုံရေးဂိတ်မှ ပစ်ခတ်သောကြောင့် ရေကြောင်းခရီးသွားလာသည့် စက်လှေများအား ပစ်ခတ်ခြင်း၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအတွင်း သွားလာနေသည့် ဟွန်ဒါစက်လှေ (၁၃၉) စီးကို သိမ်းဆည်းထားခြင်းတို့ကြောင့် ဒေသခံပြည်သူလူထုမှာ သွာလာရေး အခက်အခဲ ဖြစ်နေ ကြသည်။
(၃) တိုက်ပွဲဖြစ်ပွါးနေသည့် ဧရိယာအတွင်းမှ လူနာများအား သယ်ယူရာတွင် တပ်မတော်၏ ခွင့်ပြုချက်ဖြင့်သာသွားရပြီး အရေးပေါ် အခြေအနေဖြစ်နေချိန်၌ ညဥ့်အချိန်ဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ထားသည်။ အကူအညီပေးသူများကိုယ်တိုင် လမ်းခရီး၌ အသက် အန္တရာယ် စိုးရိမ်နေရပြီး အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် ဒဏ်ရာရ လူနာများ အတွက်လည်း စိုးရိမ်နေကြရသည်။
(၄) စစ်ဘေးရှောင်စခန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းရန်သွားသည့် လမ်းခရီး ၌လည်း အစိုးရတပ်မတော်မှ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြရသည်။
၃.၃.၇. အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း
(၁) (၀၃.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော် စစ်ကြောင်းတခုမှ မြောက်ဦးမြို့နယ်၊ တန်းမြင့်ကြီး ကျေးရွာသား ဦးမောင်ကျော်နု၊ အသက် (၇၀) နှစ်၊ ဦးရွှေစိန်ခိုင်၊ အသက် (၅၀) နှစ်နှင့် ဦးစံရွှေခိုင်၊ အသက် (၅၂) နှစ်တို့ကို ငမဲပြင်ကျေးရွာဘက်သို့ လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
(၂) (၁၁.၀၇.၂၀) ရက်နေ့ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောရွာမှ (၇) တန်းကျောင်းသား မောင်နေမျိုးသူ၊ အသက် (၁၃) နှစ်နှင့် (၉) တန်း ကျောင်းသား မောင်စိုးကျော်၊ အသက် (၁၆) နှစ်တို့အား အစိုးရတပ်မတော် စစ်ကြောင်း တခုမှလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ သည်။
၃.၃.၈. အတင်းအဓမ္မပြုကျင့်ခြင်း
(၁) (၃၀.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ အမျိုးသမီး (၁) ဦးအား အစိုးရတပ်မတော်သား (၃) ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း (၀၂.၀၇.၂၀) ရက်နေ့ တွင် ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုပြီး (၁၀.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အမှုဖွင့်ထားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံ ဖန်တီးမှု ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောပြီး ဥပဒေတိုင်း ဖြစ်စေရမည် ဖြစ်ကြောင်းနှင့် မမှန်မကန် တိုင်ကြားပါက ဥပဒေအတိုင်း ဆက်သွားရမည်ဖြစ်ကြောင်း လည်း ဗိုလ်ချုပ်ထွန်းထွန်းညီမှ ပြောသည်။ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေး အတွက် ရခိုင်အရပ်ဘက် အဖွဲ့အစည်း (၁၂၁) ဖွဲ့မှ (၂၇.၀၇.၂၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။
၃.၄. စစ်ဘေးရှောင်ဆိုင်ရာ တွေ့ရှိချက်များ
၃.၄.၁. စစ်ဘေးရှောင်ဦးရေနှင့် စခန်း အတိုးအလျော့ ‘
(၁) (၃၀.၀၆.၂၀) ရက်နေ့တွင် အိမ်ခြေ (၅၀၀) ခန့်ရှိသည့် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာ ထဲသို့ အစိုးရတပ်မတော်စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာသားများသည် ၎င်းတို့ပိုင်ဆိုင် သည့် ပစ္စည်းများ၊ ထွန်ယက်နေဆဲ လယ်ယာလုပ်ငန်း ခွင်များနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ပါပစ်ထားပြီး စစ်ဘေးရှောင်နေရသည်။
(၂) အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေးပြုလုပ်မည် ထုတ်ပြန်သောကြောင့် ရသေ့တောင် မြို့နယ်၊ ကျောက်တန်းတိုက်နယ်မှ ကျေးရွာပေါင်း (၂၀) ကျော်၊ တပ်မတော်စစ်ကြောင်း များ သေနတ်ပစ်ခတ် ဝင်ရောက်လာသည့်အတွက် ကြိမ်သာကျေးရွာအနီးရှိ ကျေးရွာ (၆) ရွာနှင့် တောင်ပိုင်း မူစဲကမ်းဒေသမှ ကျေးရွာ (၅) ရွာခန့်မှ (၁) ပတ်အတွင်း စစ်ဘေးရှောင် (၃၀၀၀၀) ကျော်သည် စစ်တွေ၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့များတွင် ခိုလုံနေကြ ရသည်။
(၃) (၀၃.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်စစ်ကြောင်းသည် မြောက်ဦးမြို့နယ်၊ တန်းမြင့်ကြီးကျေးရွာသို့ ပစ်ခတ်ဝင်ရောက်လာပြီး (၀၄.၀၇.၂၀) ရက်နေ့တွင် မြောက်ဦး မြို့နယ်၊ ငမဲပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာသောကြောင့် ကျွဲတဲ၊ ခမောင်းတက်၊ ငမဲပြင်၊ တန်းမြင့်ကြီးနှင့် ပါးတော်ကျေးရွာတို့မှ ဒေသခံ (၅ဝဝဝ) ခန့်သည် မင်းပြားမြို့ပေါ်၊ ကြက်မကျေ၊ ခြိတ်တောင်၊ ငပုကွနှင့် လက်သန်းချေ ကျေးရွာများသို့ ထွက်ပြေးနေကြ ရသည်။
(၄) (၁၂.၀၇.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်ဖက်မှ ပစ်ခတ်နေသော လက်နက်ကြီးများ ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲသောကြောင့် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှ ဒေသခံ (၁၀၀၀) ကျော်သည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြသည်။
(၅) (၁၂.၀၇.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီး အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွါးနေသောကြောင့် အိမ်ခြေ (၁၄၂) ဆောင်နှင့် လူဦးရေ (၆၅ဝ) ကျော်သည် ဒုံးပိုက်၊ ဆင်ပိုက်၊ အောင်ဗလ၊ အောင်ဆိတ်၊ အငူမော်ကုန်တန်း၊ လောင်းချောင်းနှင့် သံချောင်းကျေးရွာများသို့ ထွက်ပြေးနေကြရသည်။
(၆) (၁၂.၀၇.၂၀) ရက်နေ့နှင့် (၁၃.၀၇.၂၀) ရက်နေ့များတွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာနှင့် မောင်တောမြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီး၌ အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွါးနေသောကြောင့် မောင်တောမြို့နယ် အောင်ချမ်းသာ၊ ကိုးတန်ကောက်၊ အင်းဒင်ကျေးရွာများမှ ဒေသခံ (၃၀၀၀) ကျော်သည် မောင်တော၊ စစ်တွေနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရသည်။
(၇) (၁၆.၀၇.၂၀) ရက်နေ့တွင် ရသေ့တော်မြို့နယ်၊ ကျောက်တန်းတိုက်နယ်ရှိ ကျေးရွာ များအနီး၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွါးရာမှ လက်နက် ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လိုင်ဂွင်ကျေးရွာသား (၃၀၀) ကျော်သည် ရသေ့တောင် မြို့ပေါ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာများသို့ ထွက်ပြေးနေကြရသည်။
(၈) (၁၈.၀၇.၂၀) ရက်နေ့တွင် မင်းပြားမြို့မနယ်၊ တောင်တိုက်ကျေးရွာနှင့် ငလပ်ရွာဟောင်း (မူဆလင်) ကျေးရွာအကြား၌ မိုင်း(၃) ကြိမ်ပေါက်ကွဲမှုဖြစ်ပွါးပြီး ပစ်ခတ်သံများ ကြားရ သဖြင့် တိုက်ပွဲဖြစ်မည်စိုးရိမ်၍ တောင်တိုက်ကျေးရွာသား (၃၀) ခန့်သည် တောင်တိုက် ကျေးရွာမှ ဒေသခံ (၃ဝ) ခန့်သည် ခေါင်းလောင်း ကျေးရွာနှင့် ကြမ်းတိုက်ကျေးရွာများသို့ ထွက်ပြေးသွားကြရသည်။ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ ဒေသခံတချို့လည်း စစ်ဘေး ရှောင်နေရသည်။
(၉) (၂၆.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းတောင်ပေါ်ရှိ အစိုးရ တပ်မတော်မှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အိမ်ခြေ (၈၀) ရှိသည့် ကဇူးကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာထဲသို့ လက်နက်ကြီးကျည် (၂) လုံးကျရောက်သောကြောင့် ကျေးရွာသားများသည်။ နီးစပ်ရာသို့ ထွက်ပြေးနေကြရသည်။
(၁၀) အစိုးရတပ်မတော်နှင့် ULA/AA တို့အကြား တိုက်ပွဲကာလအတွင်း ရခိုင်ပြည်၌ စစ်ဘေး ရှောင် ဦးရေ (၁၉၀၇၀၈) ဦးရှိကြောင်း (၀၇.၀၇.၂၀) ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ မျိုးနွယ်အစည်းအရုံး (REC/Rakhine Ethnics Congress) မှ ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် စခန်းတွင်နေထိုင်သူ မိသားစု (၁၅၅၆၆) စု၊ လူဦးရေ (၆၂၁၃၇) (ကျား ၂၇၅၃ဝ၊ မ ၃၄၆ဝ၇) ဦးရှိပြီး ပြင်ပတွင်နေထိုင်သူ (၁၂၈၅၇၁) ဦး ရှိကြောင်းပါရှိသည်။
၃.၄.၂. စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေး
(၁) စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများသည် စားဝတ်နေရေးအတွက် အလှူရှင်များကို အားကိုးနေရပြီး အလှူရှင်များမရောက်ပါက ဝင်ငွေရရှိရန် အလုပ်အကိုင် လိုအပ်နေသည်။
(၂) မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းအား ရေနစ်မြုပ်မှု ကြုံရပါက နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများသို့ ပြောင်းရွေ့ရန် စီစဉ်နေရသည်။
(၃) မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးဂေါင်းကျောင်း၌ စစ်ဘေးရှောင်အိမ်ထောင်စု အိမ်ထောင်စု (၁၆၀) ကျော်အထိ တိုးလာသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်။ ထိုစခန်း တွင် အိမ်သာနှင့် ရေချိုးခန်းများ မလုံလောက်သောကြောင့် အမျိုးသမီးများအတွက် အခက်အခဲဖြစ်နေပြီး မိုးရာသီဖြစ်၍ ခြင်ထောင်နှင့် စောင်များ လိုအပ်နေသည်။
(၄) ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ (၂၆၀၀) ကျော်ရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
(၅) ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ရသေ့တောင် မြို့နယ် လိုင်ဂွင်၊ နွားတင်ကုတ်၊ ကျောက်တန်းနှင့် အောင်သာစည် ကျေးရွာတို့မှ ထွက်ပြေး ရောက်ရှိနေကြသည့် စစ်ဘေးရှောင် (၂ဝဝ) ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေသည်။
(၆) ရသေ့တောင်မြို့နယ်၊ (အငူမော်) ကုန်တန်းကျေးရွာသို့ ထွက်ပြေးရောက်ရှိနေသည့် စစ်ဘေးရှောင် (၇၀၀) ခန့်အတွက် ခြင်ထောင်၊ စောင်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေသည်။
(၇) ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင် အနောက်ခြမ်းစစ်ရှောင်စခန်း၌ ကလေးငယ်များ စွာရှိပြီး အိမ်သာမရှိသဖြင့် အခက်အခဲဖြစ်နေကြောင်းနှင့် အမျိုးသမီးများအတွက် ပိုမိုခက်ခဲ ကြောင်းသိရသည်။
(၈) ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်းများ၌ လူဦးရေ တိုးလာ သောကြောင့် နေရာကြပ်တည်းသဖြင့် လည်းကောင်း၊ ကျောင်းများပြန်ဖွင့်မည် ဖြစ်သော ကြောင့်လည်းကောင်း အစိုးရမှဆောက်လုပ်ပေးသည့် စခန်းများသည် နေရပ်များနှင့် အလှမ်းဝေးသဖြင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေသည့်သော်လည်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များရှိ အစိုးရမှ ဆောက်လုပ်ထားသည့် ယာယီ စစ်ဘေးရှောင်စခန်း (၆) ခုတွင် စစ်ဘေးရှောင်ဦးရေ (၂၀၀၀) ခန့် ပြောင်းရွေ့နေထိုင်ကြရသည်။
(၉) (၀၅.၀၇.၂၀) ရက်နေ့တွင် မြေပုံမြို့နယ်၊ ရက်ချောင်း စစ်ဘေးရှောင်စခန်းအတွင်းသို့ မိုးအဆက်မပြတ် ရွာပြီး ရေဝင်ရောက် နစ်မြုပ်လာသောကြောင့် အိမ်ထောင်စု (၁၀၀) ကျော်ကို နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များသို့ ရွှေ့ပြောင်းထားရပြီး စားနတ်ရိက္ခာအချို့လည်း ရေထဲပါသွားသည့်အတွက် အခက်အခဲ ကြုံနေရသည်။
(၁၀) အမ်းမြို့ပေါ်ရှိ အစိုးရစီစဉ်ပေးထားသော စစ်ဘေးရှောင်စခန်း (၂) ခုတွင် စစ်ဘေးရှောင် (၁၅၀၀) ကျော်နေထိုင်နေပြီး လူမဆန့်သောကြောင့် မြို့ပေါ်ရှိ ရပ်ကွက်များတွင် အိမ်၊ မြေနေရာငှားရမ်း နေထိုင်နေရသည့် ဒုက္ခသည် (၃၀၀၀) ကျော်ရှိပြီး ၎င်းတို့အတွက် အကူအညီအထောက်အပံ့ မရသောကြောင့် စားဝတ် နေရေး အခက်အခဲကြုံတွေ့ နေရ သည်။ စခန်းပြင်ပ၌ နေထိုင်သူများထဲတွင် အကူအညီ အမှန်တကယ် လိုအပ်နေသူ များအတွက် အတတ်နိုင်ဆုံး ကူညီပေးရန် လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်မှ ပြောသည်။
(၁၁) ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ အစိုးရ၊ ပရဟိတနှင့် လူမှုကူညီရေး အသင်းများမှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများပြတ်လပ်ကာ အခက်အခဲ ကျရောက်ချိန်တွင် လှူဒါန်းရန် Colourless လူမှုကူညီရေး အသင်းမှ အရံဆန်အိတ် (၄၅၀) သိုလှောင်ထားကြောင်း သိရသည်။
(၁၂) ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန် စစ်ဘေးရှောင် စခန်းသို့ (၀၉.၀၇.၂၀) ရက်နေ့မှစ၍ စစ်ဘေးရှောင် (၅၀၀) ကျော် လာရောက် နေထိုင်နေပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စားသောက်ကုန် အချို့ ထောက်ပံ့မှုရှိခဲ့သော်လည်း အစိုးရထောက်ပံ့ပေးမှု မရှိကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးရွှေမှ ပြောသည်။
(၁၃) (၂၂.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့နယ် မူဆလင် ကျောင်းသူ/ ကျောင်းသားများမှ လူသားချင်းစာနာ ထောက်ထားသည့်အနေဖြင့် စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေ (၃) သိန်းကျပ် လှူဒါန်းခဲ့သည်။
(၁၄) (၂၆.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့ရှိ ဟိန္ဒူဗုဒ္ဓဘာသာဝင်များထံမှ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်း (၆) ကျောင်း၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များအတွက် တကျောင်းလျှင် ဆန် (၅) အိတ်နှင့် ဆီ(၁၀) ပိဿာ လှူဒါန်းခဲ့သည်။
(၁၅) သမိုင်းပါမောက္ခဒေါက်တာအေးချမ်း ဦးဆောင်သောအဖွဲ့မှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆန် (၁၃၄ဝ) အိတ် နှင့် ဆီ (၂၂ဝဝ) ပိဿာအား ပထမအအကြိမ် သွားရောက်လှူဒါန်းခဲ့ပြီး အမ်း၊ မြေပုံ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့ကို ဒုတိယအကြိမ် လှူဒါန်းရန် စီစဉ်ထား ကြောင်းသိရသည်။
၃.၄.၃. စစ်ဘေးရှောင်များ၏ ကျန်းမာရေး
(၁) မင်းပြားမြို့နယ်၊ အမ်းသားရွာစစ်ဘေးရှောင်စခန်းနှင့် သေကန်စစ်ဘေးရှောင် စခန်း(၂) ခုတွင်ရှိသည့် လူဦးရေ (၁၅၀၀) ကျော်သည် ခြင်ထောင် မရှိသောကြောင့် တဲအိမ် အောက်၌ မီးမွှေးကာအိပ်နေကြရပြီး ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်လာနိုင်ကြောင်းသိရသည်။
(၂) မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြတ်လှဲ စစ်ဘေး ရှောင်စခန်းနှင့် ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် ခြင်ထောင်များ မရှိသည့်အတွက် ယခင်နှစ်ကရှိသည့် ခြင်ထောင်အစုတ်အပြဲများကို ဖာထေး အသုံးပြု နေကြရပြီး ရှိသည့်လူဦးရေနှင့် ခြင်ထောင်များ မလောက်ဖြစ်နေကာ ကျန်းမာရေး ဌာနများမှလည်း လာရောက်ပေးအပ်ခြင်း မရှိကြောင်းသိရသည်။
(၃) (၂၁.၀၇.၂၀) ရက်နေ့အထိ ရရှိသော သတင်းအရ မြောက်ဦးမြို့နယ်ရှိ လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းနှင့် မြို့ဦးဂေါင်းကျောင်းတွင် လူဦးရေ (၆၀) ခန့်နှင့် တိမ်ညိုစခန်းတွင် လည်း တုပ်ကွေးဖြစ်ပွါးနေပြီး ခြင်ထောင်များ လုံလောက်စွာမရှိကြောင်းသိရသည်။
၃.၄.၄. စစ်ဘေးရှောင်များ၏ လုံခြုံရေး
(၁) ရခိုင်ပြည်တွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများကြောင့် ထွက်ပြေးနေရ သည့် စစ်ဘေးရှောင်များတွင် အမျိုးသမီးနှင့် ကလေးငယ် (၇၀) ရာခိုင်နှုန်း ခန့်ပါဝင်နေပြီး အမျိုးသမီးများသည် အခြားသူများထက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည့် အမျိုးသမီးများအတွက် ရေချိုးရသည် ကအစ လုံခြုံမှုမရှိကြောင်းသိရသည်။
(၂) ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသရှိ ကျေးရွာသားများသည် ၎င်းတို့၏ ဒေသများ တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိတော့သည့်အတွက် နေရပ်သို့ပြန်ချင် နေကြသော်လည်း တော တောင်ကိုမှီခိုကာ လုပ်ကိုင်စားသောက်ရသောကြောင့် မပေါက်ကွဲသေးသည့် လက်နက် ကြီးများနှင့် မြေမြှုပ်မိုင်းအန္တရာယ်ရှိသဖြင့် မပြန်ရဘဲ နေထိုင်နေကြရသည်။
(၃) (၁၃.၀၇.၂၀) ရက်နေ့၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာအနီး တိုက်ပွဲဖြစ်ပွါးပြီးနောက် တပ်မတော် စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ (၁) ဦးသေဆုံးကာ (၃) ဦးဖမ်းဆီးခံထားရပြီး သက်ကြီးရွယ်အို (၉) ဦး ပိတ်မိနေသဖြင့် မောင်တောမြို့မှ လူမှုကူညီရေးအသင်းများနှင့် လွှတ်တော်အမတ်များ သွားရောက်ကယ်ထုတ်ခဲ့ကာ ဖမ်းဆီးထားသူများအား အာမခံဖြင့် ပြန်ထုတ်ခဲ့ရသည်။
၃.၄.၅. စစ်ဘေးရှောင်များ၏ ပညာရေး
(၁) စစ်ဘေးရှောင်စခန်းများရှိ ကျောင်းသား (၁၃ဝဝ) ခန့်မှ အများစုသည် ကျောင်းအပ်ရန်နှင့် ကျောင်းသုံး ပစ္စည်းများဝယ်ယူရန် ငွေကြေးမတတ်နိုင်သောကြောင့် ကျောင်းအပ်နှံနိုင် ခဲ့ခြင်း မရှိကြောင်းသိရသည်။ ပညာထူးချွန်သော ကျောင်းသူ/ကျောင်းသား တချို့လည်း အထွေထွေအကြပ်အတည်းကြောင့် ကျောင်းထွက်ရမည့် အခြေအနေနှင့် ကြုံနေရသည်။
(၂) တိုက်ပွဲများကြောင့် အသွားအလာ ကန့်သတ်ခံထားရကာ ပစ္စည်းများသယ်မရသဖြင့် ပလက်ဝမြို့နှင့် ဆမီးမြို့၌ရှိသည့် စစ်ဘေးရှောင်ကျောင်းသား (၁၅၀၀) ကျော်အတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန် အခက်အခဲဖြစ်နေသည်။ တခြားဒေသများသို့ သွားရောက်ပညာသင်ရန်လည်း မဖြစ်နိုင်ကြောင်းနှင့် မိမိတို့စရိတ်ဖြင့် ပညာသင်ကြားပေး နိုင်ရန် မဖြစ်နိုင်တော့ကြောင်း ကျောင်းသားမိဘများမှ ပြောသည်။
(၃) ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ ကျောင်သား/သူ စုစုပေါင်း (၅၀၃) ဦးသည် ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ပညာသင်ကြားရန် အခက်အခဲရှိနေ သောကြောင့် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားသော်လည်း ပြန်လည်အကြောင်းကြားမှု မရှိသေးကြောင်းသိရသည်။
(၄) တိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေနေရသည့် ကျေးရွာများတွင် ကျောင်များ ပြန်မဖွင့် နိုင်သော်လည်း စစ်ဘေးရှောင်စခန်း၌ ရောက်ရှိနေသည့် ကလေးများအား ၎င်းတို့ ရောက်နေသည့် အနီးဆုံးနေရာများတွင် ပညာသင်ကြားပေးရန် ဆရာ/ဆရာမများအား ပြောကြားထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းမှ ပြောသည်။
၃.၅. အထွေထွေ လူမှု–စီးပွါးရေးဆိုင်ရာ တွေ့ရှိချက်များ
၃.၅.၁ စား၊ ဝတ်၊ နေရေး
(၁) (၂၇.၀၆.၂၀) ရက်နေ့မှစ၍ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ကျေးရွာများအတွင်းရှိ ဒေသခံ များ၏ ဟွန်ဒါစက်လှေငယ်များကို အစိုးရတပ်မတော်ထံ အပ်နှံထားရပြီး သွားလာခွင့် မပြုသဖြင့် ရေကြောင်းကို အားထားကာ လုပ်ကိုင်စားသောက် နေရသည့် ကျေးရွာပေါင်း (၂ဝ) နီးပါးမှ ဒေသခံ များသည် ခရီးသွားလာရ ခက်ခဲလျက်ရှိပြီး စား၊ ဝတ်၊ နေရေးလည်း ခက်အခဲကြုံနေရသည်။ ကိုယ်ဝန် ဆောင်မိခင်များနှင့် နေမကောင်း ဖြစ်နေသူများအား အစိုးရတပ်မတော်မှ ဆေးမှူး များ ထံလာပြရန် ပြောကြားထားသော်လည်း မသွားရဲကြောင်းနှင့် သွားရန် စက်လှေလည်းမရှိကြောင်း သိရသည်။
(၂) စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအား အကန့်အသတ်မရှိ ရပ်နားထား သော ကြောင့် အခြေခံအလုပ်သမား (၄၀၀) ခန့်သည် စား၊ ဝတ်၊ နေရေး အခက်အခဲကြုံနေ ရသည်။
(၃) တိုက်ပွဲများအပြင် ငါးရှာ၊ ဟင်းခူးသွားသည့်အချိန်တွင် မိုင်းထိသောကြောင့် သေဆုံး၊ ဒဏ်ရာရမှု များရှိနေသဖြင့် တော၊ တောင်ကို မှီခိုကာ လုပ်ကိုင် စားသောက် နေရသော မြို၊ ခမီ၊ ဒိုင်းနက် လူမျိုးများသည် စား၊ ဝတ်၊ နေရေး အခက်အခဲကြုံနေရပြီး တချို့သည် နီးစပ်ရာ စစ်ဘေးရှောင်စခန်းများသို့ ပြောင်း ရွေ့ နေထိုင်နေကြကြောင်း သိရသည်။
၃.၅.၂. ကျန်းမာရေး
(၁) ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ကျေးရွာပေါင်း (၆၀) ကျော်မှ ဒေသခံတစ်ချို့သည် ငှက်ဖျား၊ တုပ်ကွေးရောဂါ ဖြစ်ပွါးမှုများရှိသော်လည်း ဝယ်သောက်စရာ ဆေးမရှိ ဖြစ်နေပြီး ကျန်းမာရေး မကောင်းသူ များပြားလာနေသောကြောင့် ဆေးဝါးများ လိုအပ်နေသည်။ ဇူလိုင်လ ပထမအပတ်တွင် ဒလက်မေကျေးရွာသား (၂၀) ဦးခန့်သည် ငှက်ဖျားရောဂါ ဖြစ်ပွါးခဲ့သဖြင့် ပလက်ဝမှ ဆေးဝါးများသယ်ယူလာစဉ် ရုပ်ဝကျေးရွာအနီးရှိ အစိုးရ တပ်မတော် စစ်ဆေးရေးဂိတ်မှ စစ်ဆေးသိမ်းဆည်း မှုများရှိခဲ့ပြီး ဆေးဝါးသယ်ယူခွင့် တားမြစ်ထားကြောင်းသိရသည်။ ချင်းပြည် နယ်အစိုးအဖွဲ့ စည်ပင်သာယာရေးနှင့်စက်မှု၊ လက်မှုဝန်ကြီးမှ ဦးစိုးထက်ကမူ အခြားနေရာသို့ ရောက်သွားမည်ကိုစိုးရိမ်၍ ကန့်သတ် ထားခြင်းသာဖြစ်ကြောင်း ပြောသည်။
(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် COVID-19 ရောဂါရောက်ရှိနေပြီး မိုးသည်း ထန်ကာ ရေကြီးရေလျှံဖြစ်နေ သောကြောင့် အခြေအနေ ပိုးဆိုးလာ နိုင်ပြီး စခန်းနေထိုင် သူများ စိုးရိမ်နေကြသော်လည်း ယခုအချိန်ထိ ရောဂါ ထပ်မံ ကူးစက်မှု သတင်းအချက် အလက်များအား မရနိုင်ကြောင်း သိရသည်။ (၂၈.၀၇.၂၀) ရက်နေ့ထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ တွင် ကိုရိုနာရောဂါပိုးတွေ့ရှိ သူ (၂၂၉၁၈၅) ဦးရှိပြီး ပြန်လည် သက်သာကောင်းမွန်လာသူ (၁၂၇၄၁၄) ဦးနှင့် သေဆုံးသူ (၃ဝဝဝ) ဦး ရှိသွားပြီဖြစ်သသည်။
(၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် လူနာအမှတ်စဉ် (၃၂၅) နှင့် လူနာအမှတ်စဉ် (၃၂၆) တို့၌ ကရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိရကြောင်း (၁၀.၀၇.၂၀) ရက်နေ့ တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
(၄) မောင်တောမြို့နယ်တွင် ဘင်္ဂလာဒေ့ရှ်မှပြန်ဝင်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားတဦးတွင် ကိုရိုနာရောဂါပိုးတွေ့ရှိရကြောင်း (၂၅.၀၇.၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
(၅) ရခိုင်ပြည်သို့ ပြည်တွင်းမှပြန်လာသူများကို Quarantine မထားတော့ကြောင်း သိရသည်။
(၆) (၁၃.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေ သည့် လူနာအမှတ် (၂၉၂) အမျိုးသားအား ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
(၇) (၁၄.၀၇.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝ တိုက်နယ်ဆေးရုံ၌ ကွာရန်တင်း ဝင်နေသည့် ရောင်စုံကျေးရွာသား ကိုဗစ်စောင့်ကြည့်လူနာ (၁) ဦးသေဆုံး သွားသည်။
(၈) ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေး အဖွဲ့(CDNH) မှ ပံ့ပိုးမှုဖြင့် မာန်အောင်မြို့နယ်ရှိ စာသင်ကျောင်း (၁၃) ကျောင်း အတွက် ကိုဗစ်ရောဂါ ကာကွယ်ရေး ပစ္စည်းများအား မာန်အောင်မြို့နယ်လုံး ဆိုင်ရာ လူငယ်များ အစည်းအရုံး လှူဒါန်းရန်ပြင်ဆင် နေကြောင်းသိရသည်။
(၉) ကရိုနာဗိုင်းရပ်ရောဂါပိုး စစ်ဆေးသည့်စက်ပေးဝေရေးအတွက် မြန်မာတနိုင်ငံလုံး မှ ဦးစားပေး မြို့နယ် (၁ဝ) ခုတွင် စစ်တွေမြို့ဆေးရုံကြီးအား ထည့်ခဲ့ခြင်းကြောင့် (၂) လအတွင်း စက်ရောက်ရှိမည်ဖြစ်ပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
(၁၀) (၁၆.၀၇.၂၀) ရက်နေ့တွင် လူနာအမှတ် (၃၃၉) နှင့် ထိတွေ့ခဲ့သဖြင့် ကျောက် တော်မြို့နယ် ကျန်းမာရေးဌာနမှ ကွာရင်တင်းဝင်ခိုင်းထားရာမှ ပေါက်တော မြို့နယ်၊အနောက်ရဲ (မူဆလင်)ကျေးရွာမှမာမူဆုယော်ဆိုသူ ပျောက်ဆုံးနေသည်။
(၁၁) (၂၈.၀၇.၂၀) ရက်နေ့တွင် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ စစ်တွေမြို့နယ် ရှိ ကျေးရွာအချို့နှင့် အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတိုက်ရှိ မသန်စွမ်း သူများအပြင် ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် အခြေခံ စားသောက်ကုန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့သည်။
၃.၅.၃. လုံခြုံရေး
(၁) လူဝင်မှုကြီးကြပ်ရေး
(၁.၁) (၀၂.၀၇.၂၀) နှင့် (၀၃.၀၇.၂၀) ရက်နေ့များတွင် ဘင်္ဂလားဒေရှ်နိုင်ငံမှ မောင်တောခရိုင် အတွင်းသို့ ခိုးဝင်လာသူ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၅) ဦးတို့အား လူဝင်မှု ကြီးကြပ်ရေး ဥဒေပုဒ်မ ၁၃(၁) ဖြင့် မောင်တောမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၆) လ ချမှတ်လိုက်ပြီး အသက်မပြည့်သည့် ကလေးငယ် (၂) နှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ထံသို့ အပ်နှံ လိုက်ပြီး UEHRD အစီအစဉ်စာရင်းတွင် ပါဝင်သူ (၂) ဦးအား လွှတ်ပေး လိုက်သည်။
(၁.၂) (၂၁.၀၇.၂၀) ရက်နေ့တွင် မောင်တောမြို့နယ်၌ ခိုးဝင်မူဆလင် (၃) ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၆) လချမှတ်ခဲ့ပြီးနှင့် ဘူးသီးတောင်မြို့နယ်၌ ခိုးဝင်မူဆလင် (၃) ဦးတို့အား ငွေဒဏ် (၁) သိန်းကျပ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
(၁.၃) (၀၂.၀၇.၂၀) ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိခဲ့ပြီးနောက် နယ်စပ်လုံခြုံရေး အား လုံခြုံရေး တိုးမြှင့်ထားပြီး တဘက်နိုင်ငံကိုလည်း တရားမဝင် ဝင်ရောက်လာ ပါက ဖမ်းဆီးမည်ဟု အကြောင်း ကြားထားသောကြောင့် ခိုးဝင်လာသူများ မရှိတော့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိရသူများလည်း ထပ်မတွေ့ရတော့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ပြောသည်။
(၂) တရားဥပဒေစိုးမိုးရေး
(၂.၁) (၀၅.၀၇.၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် (ဈေးချေ) ရှိ ဦးကျော်နိုင်ထွန်း နေအိမ်၌ ဓားထောက် လုယက်မှုဖြစ်ပွါးခဲ့ပြီး လက်ရှိရခိုင်ပြည် တွင် တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေကာ ခေတ်ကာလ မကောင်းသဖြင့် ပြန်လည် ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်သောကြောင့် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားလိုစိတ်မရှိ ကြောင်း ကာယကံရှင်မှပြောသည်။
(၂.၂) (၁၀.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အကွက်(၈) မှ မဦးမေသန်း၊ အသက် (၁၃) နှစ်သည် မဝေဝေသန်း၊ အသက် (၁၆) နှစ်နှင့်အတူ ပျောက်ဆုံးနေခြင်းဖြစ်သဖြင့် မဝေဝေသန်း၏ မိခင်အပါအဝင် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁) ဦးတို့အား စက်ရုံစုရဲစခန်း၌ ဖမ်းဆီးချုပ်နှောင် ထားကြောင်း ရဲစခန်းတာဝန်ရှိသူ ရဲအရာရှိမှ ပြောသည်။
(၂.၃) (၁၀.၀၇.၂၀) ရက်နေ့၊ (၂၂း၀၀) နာရီတွင် စစ်တွေမြို့နယ်၊ သင်္ကနက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲနိုင် (ကမန်တိုင်းရင်းသား) အား ဓာတ်ဆီသွန်၍ မီးရှို့လုပ်ကြံ ခြင်း ဖြစ်ပွါးခဲ့သည်။
(၃) လက်နက်ကိုင်တပ်ဖွဲ့များကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်မှု
(၃.၁) အစိုးရတပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဗုံးခိုကျင်းထဲ၌ (၃၆) ရက်ခန့် ပုန်းအောင်းနေခဲ့ရပြီး အစိုးရတပ်မတော်မှ နေအိမ်များအား မီရှို့မည်ပြောသော ကြောင့် ကလေးများ နှင့် မိခင်အိုကိုခေါ်ကာ ထွက်ပြေးလာခဲ့ရကြောင်း (၀၉.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့၊ စက်ရုံစု အကွက် (၂) မေတ္တာပါရမီကျောင်းတိုက် စစ်ဘေးရှောင် စခန်းတွင်နေထိုင်သူ တင်းမကျေးရွာမှ ဒေါ်လှအေးက ပြောသည်။
(၃.၂) အမ်းမြို့နယ်အတွင်း ကျောက်ဖြူမြို့နယ်မှ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံသို့ ချိတ်ဆက်ထားသည့် ဂတ်စ်ပိုက်လိုင်းနှင့် (၂) ဖာလုံခန့်တွင် အစိုးရတပ်မတော်ဘက်မှ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်နေရကြောင်းသိရသည်။
(၃.၃) ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့်ဆက်စပ်၍ မိုင်းနှင့်စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံ များထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုများအပြင် မသန်စွမ်းဖြစ်သွားသူများ များပြား လာသဖြင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မိုင်းအန္တရာယ် အသိပညာပေး လုပ်ဆောင်ရန် စီစဉ်နေသည်။
(၃.၄) ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မိုင်းအန္တရာယ်လျှော့ချရေးအတွက် လုပ်ဆောင်ခြင်းမရှိ ကြောင်း ပြောဆို မှုများနှင့်ပတ်သက်၍ မိုင်းပေါက်ကွဲမှုမဖြစ်စေရန် မိုင်းမထောင်ကြ ရန်သာလိုကြောင်းနှင့်မိုင်းအန္တရာယ် ပညာပေးနေကြသော်လည်း မိုင်းထောင်သူရှိလျှင် ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရမည်ဖြစ်ပြီး မထောင်ပါက ကာကွယ်ထားပြီးဖြစ်ကြောင်း (၃၁.၀၇.၂၀) ရက်နေ့တွင် ပြည်နယ်အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်မှ ပြောသည်။
(၃.၅) မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှု များပြားလာခြင်းသည် အစိုးရ တပ်မတော်မှ စခန်းချသည့်နေရာများ၌ မြေမြှုပ်မိုင်းထောင်လေ့ရှိပြီး စစ်ကြောင်းထွက်ခွါ သွားသော်လည်း မိုင်းရှင်းလင်းမှု မရှိသောကြောင့်ဖြစ်ကြောင်းနှင့် ULA/AA သည် အဆင့် မြင့်နည်းပညာဖြင့် မိုင်းများကို အသုံးပြုနေခြင်းဖြစ်ပြီး စည်းကမ်းမဲ့ မိုင်းထောင်ခြင်းမရှိ ကြောင်း (၃၁.၀၇.၂၀) ရက်နေ့ တွင် ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။
၃.၅.၄. ပညာရေး
(၁) တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ မြောက်ပိုင်းရှိ ကျောင်းပေါင်း (၆၀) ခန့်သည် ကျောင်း ပြန်မဖွင့်နိုင် သေးကြောင်း၊ ပြန်မဖွင့်နိုင်သည့် ကျောင်းအများစုမှာ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်ရှိပြီး ဒေသခံများသည် တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ရှောင်စခန်း များသို့ ရောက်နေသဖြင့် ကျောင်းပြန်မဖွင့်နိုင်သေးခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများသည် ကျေးရွာအနီး နှင့် စာသင်ကျောင်းအနီး၌ ဖြစ်ပွါးနေသဖြင့် စစ်ဘေးရှောင်စခန်းများ နှင့် စာသင်ကျောင်းများကို အစိုးရက တိုက်ပွဲဖြစ်ပွါးရာ နေရာမှ ဝေးရာသို့ ရွေ့ပြောင်းပေးမှသာ လုံခြုံစွာ ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း သိရသည်။
(၂) တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းပေါင်း (၃၉၁) ကျောင်းတွင် (၂၃၀) ကျော်သည် လမ်းခရီးအခက်အခဲများနှင့် နယ်မြေဒေသ မလုံခြုံသော ကြောင့် ကျောင်းသုံးပစ္စည်းများ မရောက်ရှိနိုင်သည့်အတွက် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း သိရသည်။
(၃) ရခိုင်ပြည်အတွင်းရှိ အထက်တန်းကျောင်းပေါင်း (၄၄၀) ကျော်ရှိသည့်အထဲမှ (၂၂၁) ကျောင်းကို ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ထားမှုအား တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေး ချက်အရ A အဆင့်မီ အထက်တန်းကျောင်းသည် စုစုပေါင်း (၁၃) ကျောင်းသာရှိသဖြင့် သင်ကြားခွင့် မရသေးသည့် ကျောင်းများ အား A အဆင့်မီပြီး ပညာသင်ကြား ခွင့်ရရှိအောင် ပြင်ဆင်နေ ကြောင်း သိရသည်။
၃.၅.၅. မူးယစ်ဆေးဝါး
(၁၂.၀၇.၂၀) ရက်နေ့တွင် မောင်တောမြို့နယ်၊ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်၌ (၃) မိုင်ဂိတ် ဘက်မှ မင်းခမောင်းကျေးရွာဘက်သို့လာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်တစီး၏ နောက်ခန်းမှ ကျောပိုး အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၃၆၆၁၀) ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၇၃၀ ကျော်) ဖမ်းဆီးရရှိခဲ့သည်။
၃.၅.၆. စီးပွါးရေး
(၁) (၀၂.၀၇.၂၀) ရက်နေ့တွင် ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ မြေစာပုံပြိုကျမှုတွင် ရခိုင် အမျိုးသား (၂၈) ဦး သေဆုံးပြီး၊ (၂ဝ) ဦးအထက် ဒဏ်ရာရရှိခဲ့သည်။
စစ်တွေနှင့် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့ခြင်းအား ကိုရိုနာဗိုင်းရပ်ပိုးကြောင့် ရပ်နား ထားရသည်။
(၂) ရွာအနီး တိုက်ပွဲဖြစ်ပွါးခြင်း၊ လက်နက်ကြီးများကျရောက်ခြင်း၊ တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့် လယ်မထွန်ရဲသဖြင့် ရခိုင်ပြည်ရှိ မြောက်ပိုင်းရှိ မြို့နယ် (၈) ခုတွင် ထွန်ယက်စိုက်ပျိုးရန် လယ်မြေများကျန်နေသေးသည်။ မြေပုံမြို့နယ်၊ စညင်း ကျေးရွာတွင် လယ်သမား (၁၁၈) ဦးအနက် (၇) ဦးသာ လယ်ထွန်ရပြီး စညင်းအုပ်စုတွင် လယ်ဧက (၂၈၃) ဧက (၃ဝ) သာ ထွန်ယက်ရသည်။
(၃) ကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွါးမှုများရှိနေသဖြင့် ကားများမကြာခဏ ပိတ်ဆို့မှုဖြစ်ပေါ်ပြီး ကုန်စည် စီးဆင်းမှု နှောင့်နှေးကာ ကုန်စိမ်းများ ပုပ်သိုးပျာက်စီးသောကြောင့် ကုန်ပိုင်ရှင်များအား လျှော်ကြေး ပေးရသည်များရှိကြောင်း စစ်တွေမြို့မှ ကားဂိတ်မှူးတဦးမှ ပြောသည်။ ကုန်ပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုများရှိနေသည်။
၃.၅.၇. ဖွံ့ဖြိုးတိုးတက်ရေး
(၁) ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွံ့ဖြိုးရေးစီမံချက် (၁၆) ခုအား (၀၁.၁၀.၂၀) ရက်နေ့မှစတင်၍ စတင်လုပ်ဆောင် သွားမည်ဟုသိရသည်။
(၂) စစ်တွေမြို့မှ အနောက်တောင်ဘက် (၅၉) မိုင်ခန့်အကွာရှိ ရေနံလုပ်ကွက် AD-8 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းကို တရုတ်အစိုးရပိုင် China National Petroleum Cooperation International နှင့် သြစတြေးလျမှ Woodside ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပြီး ၂ဝ၂ဝ ပြည့်နှစ် တတိယ (၄) လပတ်တွင် စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်းနှင့် (၈) တွင်းအထိ တူးဖော်မည်ဖြစ်ကြောင်း သိရသည်။
(၃) ကျောက်ဖြူအထူးစီးပွါးရေးဇုန်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ရေနက်ဆိပ်ကမ်း တည်ဆောက်မှု အား မကြာမီ စတင်နိုင်တော့မည်ဟု သိရသည်။
(၄) ကျောက်ဖြူလေဆိပ်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တည်ဆောက် ပေးရန် (သို့မဟုတ်) ပြန်လည်မွမ်းမံပေးရေးအဆိုကို (ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ် မြောက် ပုံမှန်အစည်းအဝေး၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့ သည်။
(၅) မာန်အောင်အများပိုင်ကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေသည့် Master Plan plan (၁၀) ခုထဲမှ ဟိုတယ်နှင့်ခရီသွားလုပ်ငန်းဇုန် (၁) ခုကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ရန် အတွက် ဒေသခံအများစုအား ဦးစားပေး၍ ဝန်ထမ်းများအား စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
(၆) ရခိုင်ပြည်၌ စစ်ရေးပဋိပက္ခကာလအတွင်း လက်ရှိလုပ်ကိုင်နေကြသည့် နိုင်ငံတကာ ကော်ပိုရေးရှင်း စီမံကိန်းလုပ်ငန်းမှ အကျိုးအမြတ်များကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထားသဖြင့် ပြည်သူ များအတွက် အကျိုးခံစားခွင့် မရှိသောကြောင့် ရပ်တန့်ထားရန် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) မှ အစီရင်ခံစာထုတ်ပြန် တောင်းဆိုလိုက်သည်။
၃.၅.၈. သဘာဝပတ်ဝန်းကျင်
(၁) (၂၄.၀၇.၂၀) ရက်နေ့တွင် အမ်းမြို့နယ်ရှိ အမ်းချောင်းဝအတွင်း (၅) မိုင်ခန့်အရှည်ရှိသည့် ရေထု ညစ်ညမ်းမှုများဖြစ်ပေါ်နေပြီး သင်္ဘောကွဲပေါက်၊ ကျွဲချပေါက်နှင့် သံဇစ်မြစ် စသည့် မြစ် ချောင်းများ အတွင်း ရေညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း၊ ရေထုညစ်ညမ်းသည့် နေရာများ၌ ငါး၊ ပုဇွန်ရရှိမှု နည်းပါးကြောင်းနှင့် မဒေးကျွန်းအနီး ရေထုညစ်ညမ်းမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် လည်းဖြစ်ပွါးခဲ့ပြီး ယခုတကြိမ်ဆိုလျှင် (၃) ကြိမ်ရှိပြီဖြစ်သောကြောင့် အစိုးရအနေဖြင့် တိကျသည့် အဖြေတခု ထုတ်ပြန်ရန် လိုအပ်ကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့် ရေးအဖွဲ့မှ ကိုမျိုးလွင်က ပြောသည်။
၃.၅.၉. ယဉ်ကျေးမှု
(၁) ယဉ်ကျေးမှုနယ်မြေဇုန်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်း၊ လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် လုံခြုံရေး အခြေအနေများကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း (UNESCO) ဝင်ရောက် နိုင်ရေးအတွက် ကြိုးပမ်းနေသည့် မြောက်ဦး ဒေသအတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်များအား ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင် ကြောင်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှုလည်း အားနည်းလျက်ရှိ ကြောင်းသိရသည်။
(၂) တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၊ ကျေးရွာ (၃၀) ရှိ ဘုန်းကြီးကျောင်းများတွင် အစိုးရ တပ်မတော်မှ တပ်စခန်းချထားပြီး၊ ကျောင်းအားဖျက်ဆီးခံထားရခြင်းနှင့် ကျောက်တော်မြို့ သို့ သွားသည့်ကုန်းလမ်း၊ ရေလမ်းအား ပိတ်ထားခြင်းကြောင့် သံဃာအပါး (၅၀) ခန့်သည် မိမိနေရပ်၌ ဝါဆိုရန် အခက်အခဲ ဖြစ်နေကြောင်းသိရသည်။
၎။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်ရေးရာနှင့်ပတ်သက်၍ သုံးသပ်ချက်များ
၎.၁. နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များ
၎.၁.၁. ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
(၁) စတုတ္ထအကြိမ် ၂၁-ရာစု ပင်လုံညီလာခံအား ယခင်လကတည်းက အကျဉ်းချုံးသာ ပြုလုပ် မည်ဟု ကြေညာထားပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားခြင်း မရှိသည့်အပြင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများအားလုံး မပါဝင်လာနိုင်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးခြင်း၊ ပြင်ဆင်ချိန်တိုတောင်းခြင်း တို့ကြောင့် အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးမှုမဖြစ်နိုင်ဘဲ NLD အစိုးရသက်တမ်း မကုန်ဆုံးမီ အပြသဘောဆောင်သော လှုပ်ရှားမှုတခုသာ ဖြစ်နိုင်သည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားပါတီများနှင့် မြန်မာအစိုးရ တပ်မတော်တို့ အချင်းချင်းကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုနှင့် မဲဆွယ်စည်းရုံးမှုများရှိနေသဖြင့် သယံဇာတခွဲဝေခွင့်၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနိုင်ခွင့် ကိစ္စများတွင်ပင် အနှစ်သာရရှိသည့် အများလက်ခံနိုင်သော ရလာဒ်ထွက်ပေါ်ရန် ခဲယဉ်းပေသည်။
(၂) ယခင်လက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မြန်မာအစိုးရတပ်မတော်နှင့် ညီနောင် မဟာမိတ် (၃) ဖွဲ့အကြား တဘက်နှင့် တဘက် အယုံအကြည်မရှိကြောင်း အပြန်အလှန် ထုတ်ပြန်ခဲ့ကြပြီး ယခုလတွင် တက်ရောက်လိုသည်ဆိုသော (FPNCC) ၏ ဦးဆောင် လမ်းလမ်းညွှန်မှုဖြင့် ညီလာခံသို့ တက်ရောက်လိုသည်ဆိုသော ရခိုင်၊ တအောင်းနှင့် ကိုးကန့်တို့၏ ထုတ်ပြန်ချက်မှာလည်း တရုတ်အစိုးရ၏ ဖိအားကြောင့်သာဖြစ်နိုင်ပြီး ထိုအဖွဲ့များသည် NCA စာချုပ်အား လက်မှတ်မထိုးရသေးသည့်အတွက် အကယ်၍ ညီလာခံသို့ တက်ရောက်ဖြစ်လျှင်လည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ဆွေးနွေးဆုံးဖြတ်ခွင့်ရှိမည်မဟုတ်ချေ။ ထို့ပြင် ULA/AA အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းအား ပြန်လည်ရုပ်သိမ်းခြင်းမပြုဘဲ ညီနောင်မဟာမိတ် (၃) ဖွဲ့ အနေဖြင့် ညီလာခံသို့ တက်ရောက်နိုင်ခြေမှာ မရှိသလောက် နည်းပါးပေသည်။
(၃) ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးမှ သယံဇာတအကျိုးအမြတ်ကို တိုင်းရင်းသားများ မခံစားရခြင်း သည် အဓိကပြဿနာဖြစ်ကြောင်းနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်မှ လာမည့် ပင်လုံညီလာခံတွင် သယံဇာတခွဲဝေခွင့်လောက်သာ သဘောတူ နိုင်ခြေရှိကြောင်းနှင့် မှတ်ချက်ပေးထားသော်လည်း ဗမာမဟုတ်သည့် တိုင်းရင်းသားများ အနေဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသည့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေနိုင်သော စီမံကိန်းကြီးများအား ဗဟိုအစိုးရမှ လက်ဝါးကြီးအုပ်ချုပ်ကိုင် ထားခြင်းနှင့် ဒေသခံများ အကျိုးခံစားခွင့်မရှိခြင်းတို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရသည်အထိ ရပ်ဆိုင်းထားစေလို သည့် ဆန္ဒသဘောထားများရှိကြသည့်အတွက် သယံဇာတခွဲဝေရေးနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိရန်မှာလည်း ထင်သလောက် မလွယ်ကူနိုင်ပေ။
(၄) အထူးသဖြင့် စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် အမြဲတမ်းပါဝင်ရေးကို စဉ်းစားနေခြင်း သည် ငြိမ်းချမ်းရေးဖြစ်စဉ်အား အဓိက တားဆီးနေသည်ဆိုသော နိုင်ငံရေး လေ့လာသူ ဦးမျိုးရန်နောင်၏ သုံးသပ်ချက်၊ NLD အစိုးရသည် ဗမာလူမျိုးများအတွက် ကောင်းချင် ကောင်းလိမ့်မည် ဖြစ်သော်လည်း တိုင်းရင်းသားများအပေါ်တွင် လုံလောက်သော စွမ်းဆောင်မှု မပေးနိုင်ဆိုသော အသံအဖွဲ့ခေါင်းဆောင် မောင်ဆောင်းခ၏ သုံးသပ်ချက်၊ စစ်တပ်နှင့် အဆင်ပြေပြီး တိုင်းရင်းသားများနှင့် အဆင်မပြေလျှင် ဗမာလူမျိုးကြီးဝါဒအား ကျင့်သုံးသကဲ့သို့ ဖြစ်သွားမည်ဆိုသော စာရေးဆရာ ဦးကျော်ဝင်း၏ သုံးသပ်ချက်၊ NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် လက်တွဲမည်လား၊ တပ်နှင့်ညှိနှိုင်းပြီးသွားမည်လား ဆိုသည်မှာ ခန့်မှန်းရခက်ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု (FDF) ခေါင်း ဆောင်တဦးဖြစ်သည့် ဦးမြအေး၏ သုံးသပ်ချက်များကို ထောက်ရှု၍ မြန်မာအစိုးရ တပ်မတော်အနေဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားများနှင့် ပတ်သက်သည့် ၎င်းတို့ အယူအဆဟောင်းများ၊ ရပ်တည်ချက် အဟောင်းများကို ဆက်လက်ဆုပ်ကိုင်ထားပြီး NLD အစိုးရတွင်လည်း ဗမာမဟုတ်သော တိုင်းရင်းသားများနှင့် ပတ်သက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်နှင့် လုပ်ငန်းစဉ် ပီပီပြင်ပြင်မရှိသေးဟု ယူဆရပြီး စစ်မှန် သော ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေဦးမည် ဖြစ် သည်။
၎.၁.၂. ULA/AA နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဆက်ဆံရေး
(၁) ULA/AA အား ချင်းပြည်နယ်တွင်မရှိစေရေးအတွက် စစ်ရေးအရ ဖြေရှင်းနိုင်သကဲ့သို့ နိုင်ငံရေးအရလည်းဖြစ်နိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ထုတ်ပြန်ခဲ့ပြီး ULA/AA မှ ALP/ALA အဖွဲ့ဝင် (၃) ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းနှင့် ALP/ALA ၏ ထိပ်ပိုင်းခေါင်းဆောင်တချို့၏ အသက်အန္တရာယ်အား ခြိမ်းခြောက်နေခြင်းတို့ကြောင့် ULA/AA နှင့် CNF အကြား၊ ULA/AA နှင့် ALP/ALA တို့အကြားတွင် ဆက်ဆံရေး ပိုမို တင်းမာလာနိုင်ပြီး မြန်မာအစိုးရ တပ်မတော်အတွက် အခွင့်ကောင်းယူ အသုံးချခြင်းများ ရှိလာနိုင်သည်။
၎.၁.၃. ရွေးကောက်ပွဲနှင့် ပြည်ထောင်စုအရေး
(၁) ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီအနေဖြင့် ဗဟိုချုပ်ကိုင်မှုအား အထူး တင်းကြပ် ကာ လက်ဦးမှုရှိရှိဖြင့် ပြင်ဆင်လျှက်ရှိသည်ဟု ယူဆရပြီး
(၁.၁) လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးနေသည့် ဒေသများ၌ ရွေးကောက်ပွဲကျင်းပရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ လုံခြုံရေးစီမံခန့်ခွဲမှုနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီတရပ်အား ဖွဲ့သွားမည်ဆိုခြင်း၊
(၁.၂) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွါးမှုများအား စစ်ဆေးစီရင်နိုင်သည့် ခုံရုံးအားဖွဲ့စည်း ခွင့်ကို သမ္မတမှ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းခွင့်ပေး ထားခြင်း၊
(၁.၃) ရွေးကောက်ပွဲ စောင့်ကြည့်မည့်သူများအား လေ့လာသူအဆင့်သို့ လျှော့ချ ကာ လုပ်ပိုင်ခွင့် ကန့်သတ်ထား၍ ပွင့်လင်းမြင်သာမှုအပိုင်းတွင် ယခင်ထက် အားနည်း သွားခြင်း၊
(၁.၄) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ခွင့်ရရှိရေးအတွက် လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သမ္မတရည်မှန်းချက်နှင့် အပေးအယူ ပြုလုပ်ကောင်း ပြုလုပ်လာနိုင်ခြင်း၊
(၁.၅) ရခိုင်ပြည်မြောက်ပိုင်းတွင် အင်တာနက်ပိတ်ဆို့ထားပြီး မဲဆွယ်ရန်ကမ်ပိန်း လုပ် သည့်အခါ လုံခြုံရေးအရကန့်သတ်ထားသည့် နေရာများတွင် မလုပ်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှပြောပြီး ရခိုင်ပြည်မြောက်ပိုင်းတွင် မဲဆန္ဒနယ် အချို့ ပယ်ဖျက်ခံရဖွယ်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်မှ ပြောခြင်း၊
(၁.၆) တပ်တွင်းမဲရုံအားလုံးကို အပြင်သို့ထုတ်မပေးနိုင်ဘဲ အချို့မဲရုံများအား တပ်တွင်း ၌ ဆက်လက်ထားရှိမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောခြင်း တို့ ကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်ရန် မလွယ်ကူ ဟု သုံးသပ်ရသည်။
(၂) ထို့ပြင် NLD ပါတီအနေဖြင့်
(၂.၁) တိုင်းရင်းသားပါတီများနှင့် လက်တွဲမည်လား၊ တပ်နှင့်ညှိနှိုင်းပြီး သွားမည် လား ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ပီပြင်သည့် ပိုင်းဖြတ် ချက်မရှိခြင်း
(၂.၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ခွင့်ရရှိရေး အတွက် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သမ္မတရည်မှန်းချက်နှင့်အပေး အယူပြုလုပ်ကောင်း ပြုလုပ်လာနိုင်ခြင်း၊
(၂.၃) တိုင်းရင်းသား ပါတီများဘက်မှ ညွန့်ပေါင်း အစိုးရဖွဲ့ရန် ဆန္ဒရှိနေ ကြပြီး ပြင်ဆင်နေကြချိန်တွင် NLD ပါတီမှ အပြတ်အသတ် အနိုင်ရရေး အတွက် ပြင်ဆင်နေသည်ဟု ဒေါက်တာ ဇော်မြင့်မောင်မှ ပြောပြီး ပြည် နယ်အချို့တွင် အပြင်းအထန် ရုန်းကန်ရဖွယ်ရှိသည် ဟု NLD ပြောရေး ဆိုခွင့်ရှိသူ မုံရွာအောင်ရှင်မှ ပြောဆိုခြင်း တို့ကြောင့် မဲဆွယ်ကာလမှ စတင်ကာ ရွေးကောက်ပွဲအပြီး အစိုးရ သက်တမ်း တလျှောက်လုံး တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်မှုထက် ပြိုင်ဆိုင်မှု သာ ပိုမိုပြင်းထန်လာမည့် အလားအလာရှိနေသည်။
(၃) ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာအစိုးရ တပ်မတော်ဘက်မှလည်း ရွေးကောက်ပွဲ အောင် နိုင်ရေးအတွက် သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီစတင် တည်ထောင်ခဲ့ သည့် ခေါင်းဆောင်ဟောင်းများမှ ဝန်းရံကူညီမည်ဖြစ် ကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင်လည်း သမ္မတဖြစ်ရန် ရည်မှန်းချက်ရှိသည်ဆိုသော ထင်မြင် ချက်များကြောင့် ၂၀၂၀ ရွေးကောက် ပွဲ အလွန်တွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်တို့အကြား ဆက်ဆံရေး အဆင်ပြောချောမွေ့ပြီး တည်ငြိမ်သော အစိုးရဖွဲ့စည်နိုင်ရန်မှာလည်း ခက်ခဲလိမ့်မည်ဟု ယူဆရသည်။
၎.၁.၄. ရွေးကောက်ပွဲနှင့် ရခိုင်ပြည်အရေး
(၁) ရခိုင်ပြည်တွင်
(၁.၁) တိုက်ပွဲများ ပြင်းထန်နေခြင်း၊
(၁.၂) မြောက်ပိုင်းရှိ မြို့နယ် (၈) ခုတွင် အင်တာနက် ဖြတ်တောက်ခံထားရခြင်း၊
(၁.၃) မဲဆွယ်စည်းရုံးရန် နယ်မြေများအား လုံခြုံရေးအရ ကန့်သတ်ထားခြင်း၊
(၁.၄) ရခိုင်ပြည်၌ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ယခုအချိန်ထိမသတ်မှတ်ရသေးခြင်း၊
(၁.၅) စစ်ဘေးရှောင်များ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုအားနည်းခြင်း၊
(၁.၆) ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ၎င်းတို့နှင့် ညှိနှိုင်းရမည်ဟု ယခင်က ULA/AA မှ သဘောထား ထုတ်ပြန်ထားခြင်း၊
(၁.၇) ရခိုင်ပြည်မြောက်ပိုင်း၌ ရွေးကောက်ပွဲကျင်းပမည်-မကျင်းပ (သို့) မည်သည့်နေရာ တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ရမည်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုရ သေးမီ NLD အနေဖြင့် ရခိုင်တပြည်လုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် (၅၈) ဦး စာရင်းကို ထုတ်ပြန်ခဲ့ခြင်း တို့ကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်မည့် အခြေအနေ မရှိသလောက် နည်းပါးနေသည်။
(၂) ထို့ပြင်
(၂.၁) ရခိုင်ပြည်မြောက်ပိုင်း၌ ရွေးကောက်ပွဲကျင်းပမည်-မကျင်းပ (သို့) မည် သည့်နေရာတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ရမည်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မပြုရသေးမီ NLD အနေဖြင့် ရခိုင်တပြည်လုံး၌ ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် (၅၈) ဦး စာရင်းကို ထုတ်ပြန်ခဲ့ခြင်းနှင့် ရခိုင်ပြည်တောင်ပိုင်းတွင် အဓိကထား၍ ဝင်ရောက်ယှဉ်ပြိုင်မည့် အနေ အထားရှိနေခြင်း၊
(၂.၂) ANP ပါတီမှ နှုတ်ထွက်ခွင့်တင်ထားပြီး တခြား ပါတီများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသာ ရခိုင်လွှတ်တော်အမတ်များသည်တသီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားချက်များ ရှိနေခြင်း၊
(၂.၃) လတ်တလောဖြစ်ပွါးနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ချင်း လူမျိုးတချို့မှ ULA/AA အပေါ်တွင် အမြင်မကြည်လင် ဖြစ်နေချိန် ANP ပါတီမှလည်း ပလက်ဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား ခြင်းတို့ကြောင့် ရွေးကောက်ပွဲနှင့် ဆက်နွယ်၍ ရခိုင်နှင့် ဗမာ၊ ရခိုင်နှင့် ချင်း၊ရခိုင်အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုများ ပိုမိုကြီးမားလာနိုင်သည်။
(၃) လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်းရှိ မူဆလင်များအား ဆန္ဒမဲပေး ပိုင်ခွင့်နှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ပိုင်ခွင့်ပေးရန် တောင်းဆိုမှုများရှိနေပြီး ထိုတောင်းဆိုချက်အား NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်မှ ၎င်း၏ သဘောဆန္ဒအရဆိုလျှင် ဤကဲ့သို့တောင်းဆိုမှုသည် ဖြစ်သင့်ကြောင်း ထောက်ခံ ထားသည့်အပြင် တနိုင်လုံးရှိ မူဆလင် အမတ်လောင်းများအား ကူညီဆောင် ရွက်ပေးနိုင်ရန် ခွင့်တူညီမျှသော အောင်နိုင်ရေးကော်မတီ (ယာယီ) အား ဖွဲ့စည်းထားသည့်အတွက် ရခိုင်ပြည်မြောက်ပိုင်းရှိ မူဆလင်များအား နိုင်ငံသား ပြုရေးကိစ္စ အတည်မဖြစ်မီ မဲပေးပိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်ပေးမည်ဆိုပါက လူမျိုးရေး၊ ဘာသာရေးအရ အငြင်းပွါးစရာများ ရှိလာနိုင်သည့်အပြင် ပေါ်ပေါက် လာနိုင်သည့် အငြင်းပွါးဖွယ်ကိစ္စများအား ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များမှ နားလည်မှုရှိရှိ ညှိနှိုင်းဖြေရှင်းခြင်းမပြုနိုင်လျှင် NLD၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော် တို့မှ ၎င်းတို့၏ နိုင်ငံရေးသြဇာကျယ်ပြန့်ရေးအတွက် သပ်လျှိုသွေးခွဲ စည်းရုံးမှုများ ရှိလာနိုင်သည်။
၎.၁.၅. အမုန်းစကား ပြောဆိုမှု
(၁) ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီး (၁) ဦးအား အစိုးရစစ်တပ်မှ လိင်အကြမ်း ဖက်မှု သတင်းနှင့်ပတ်သက်ပြီး ANP ပါတီမှ ဒေါ်ခင်စောဝေနှင့် ဒေါ်အေးနုစိန်တို့အား “Khaing Htun” နှင့် “Zaw Gyi” အကောင့်တုများသုံး၍ ရခိုင်အချင်းချင်း လုပ်ကြံရေးသား ဝါဒဖြန့်ခြင်း၊ ပြည်သူလူထုနှင့် ရန်တိုက်ခြင်းသည် အမျိုးသားရေးအား အပြုသဘောဖြင့် တိုးတက်အောင် ဆောင်ရွက်ရာမရောက်ဘဲ အမျိုးသားရေးပြဿနာများအား ဦးစီး ဦးဆောင် ဖြေရှင်းနေသူများအား စိတ်ဓာတ်ပျက်ပြားအောင်၊ အမျိုးသားစည်းလုံး ညီညွတ် ရေး ပြိုကွဲအောင် လုပ်ရာရောက်နေပေသည်။
(၂) ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အမျိုးသမီးအား လိင်အကြမ်းဖက်မှုကျူးလွန်ခံရသည့် အမျိုးသမီးအား လျော်ကြေးငွေ (၅) သိန်းပေးမည်ဟု “ပြည်စောင့်သား” အကောင့်ပိုင်ရှင်မှ လုပ်ကြံရေးသားခဲ့ခြင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် အစိုးရတပ်မတော်သား (၄) ဦးမှ အမျိုးသမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်သွားပြီး နားကပ်ကိုပါ ဖြုတ်ယူသွားကြောင်း “ဝီးခရရွှေရခိုင်ပြည်” အကောင့်ပိုင်ရှင်နှင့် “သူ့ကျွန်မခံ အာရကန်” အကောင့်ပိုင်ရှင်တို့မှ လုပ်ကြံရေးသားခဲ့ခြင်းတို့သည် မတရားကျူးလွန်ခံရသူ အမျိုးသမီးအတွက် အမှုမှန် ပေါ်ပေါက်အောင် ကူညီရာမရောက်သည်သာမက နောက်နောင် အလားတူ အမှုများ ပေါ်ပေါက်လာလျှင်လည်း တိုင်တန်းချက်ကို ပြည်သူလူထုနှင့် နိုင်ငံတကာမှ ယုံကြည်မှု လျော့နည်းအောင် ပြုလုပ်ရာ ရောက်နေပေသည်။
၎.၁.၆ အင်တာနက် ဖြတ်တောက်ပိတ်ဆို့မှုနှင့် ဒီမိုကရေစီ အလားအလာ
(၁) NLD အစိုးရအနေဖြင့် ရခိုင်ပြည်မှ မြို့နယ် (၈) ခုနှင့် ပလက်ဝမြို့နယ်တွင် နယ်မြေ တည်ငြိမ်မှုကို အကြောင်းပြု၍ အင်တာနက်ကန့်သတ်မှုအား ဆက်လက်ပြုလုပ်နေသဖြင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေး ကိစ္စများအပေါ်ထားရှိသည့် NLD ပါတီ၏ သဘောထားမှာ မေးခွန်းထုတ်စရာအဖြစ် ဆက်လက်ရှိနေသည်။
၎.၁.၇. နိုင်ငံရေး ပထဝီ
(၁) ဒေသတွင်း၌ တရုတ်နှင့် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယတို့အကြား ပြိုင်ဆိုင်မှု ပြင်းထန် နေပြီး တရုတ်အနေဖြင့်လည်း မြန်မာပြည်တွင်း မတည်ငြိမ်မှုများကို အခွင့်ကောင်းယူလျှက် ၎င်းတို့၏ သြဇာလွှမ်းမိုးရေး၊ ပင်လယ်ထွက်ပေါက်ရရှိရေးနှင့် သယံဇာတထုတ်ယူ အသုံးချနိုင်ရေး အစရှိသည့် အကျိုးစီးပွါးအခြေခံဖြင့် မီးစတဘက်၊ ရေမှုတ်တဘက် ပေါ်လစီ (ဝါ) ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံ ဖြန့်ကျက်ဆက်ဆံရေး ပေါ်လစီသုံး၍ မြန်မာအစိုးရကိုသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လွှမ်းမိုး ထားသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလျင်အမြန် အကောင်အထည် မဖော်နိုင်ပါက အစုအဖွဲ့အသီးသီးသည် အင်အားကြီးနိုင်ငံများ၏ သြဇာခံဘဝဖြင့် ပြည်တွင်းစစ်မီး ပိုမို အားကောင်းလာနိုင်သည်။ သို့တည်းမဟုတ် နိုင်ငံရေးနှင့် စီးပွါးရေးအရ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောက်တွင် အချင်းချင်းတိုက်ခိုက်ရင်း ဆက်လက်ရှင်သန်နေကြရမည့် အနေအထားရှိနေသည်။
၎.၂. စစ်ရေးဆိုင်ရာ သုံးသပ်ချက်များ
၎.၂.၁. ULA/AA လှုပ်ရှားမှု
(၁) မြန်မာအစိုးရတပ်များဘက်မှ ဇူလိုင်လတွင် လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် တိုက် ခိုင်းခြင်းအား (၂) ကြိမ်သာ ပြုလုပ်ခဲ့သည်ကို တွေ့ရပြီး ULA/AA အနေဖြင့် ခမရ (၃၇၆) တပ်ရင်းအား တိုက်ခိုက်မှုနှင့် မင်းပြားမြို့နယ် တိုင်းဗဟို (၉) အနီးသို့ ချဉ်းကပ် တိုက်ခိုက်မှုများ တွေ့ရသဖြင့် မိုးတွင်းကာလ၌ မြန်မာအစိုးရတပ်များဘက်မှ လေကြောင်း ပစ်ကူပေးရန် အကန့်အသတ်ရှိသည်ကို အခွင့်ကောင်းယူ၍ ယခင်ထက် အင်အားပိုမို စုစည်းကာ တိုက်ကွက်ဖော်နိုင်ခဲ့သည်ဟု သုံးသပ်ရသည်။
(၂) မြန်မာအစိုးရတပ်များဘက်မှ ရသေ့တောင်မြို့နယ်မှ ညောင်ပင်လှရဲကင်းစခန်းနှင့် သဇင်မြိုင်ရဲကင်း စခန်းများကိုလည်း လုံခြုံရေးအရ ရုပ်သိမ်းခဲ့ရသည်ဆိုသဖြင့် ဤသို့ ရဲကင်းစခန်း တခုပြီးတခု ရုပ်သိမ်းနေရပြီး လေကြောင်းပစ်ကူလည်း လျော့နည်းကျ ဆင်းလာမည်ဆိုပါက မိုးတွင်းကာလ၌ ULA/AA မှ တိုက်ကွက်များ ပိုမိုဖော်ထုတ်လာနိုင်ပြီး ပြောက်ကျားစစ်မှ လှုပ်ရှားစစ်အသွင်ပြောင်းလဲကာ နယ်မြေစိုးမိုးမှု ပိုမိုရရှိလာနိုင်သည်။
၎.၂.၂. မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှု
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု (၀ါ) နယ်မြေ ရှင်း လင်းမှု များကို ပလက်ဝမြို့နယ်၊ အမ်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ပြုလုပ်ခဲ့ သော် လည်း ထူးခြားသည့် အောင်မြင်မှုမရရှိခဲ့ဟု သုံးသပ်ရသည်။
၎.၂.၃. နှစ်ဖက် ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှု
(၁) ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း နှစ်ဖက် ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှု (၂၁) ကြိမ်နှင့် တံတားဖောက်ခွဲဖျက်ဆီးမှု (၁) ကြိမ် ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအများစုတွင် မြန်မာအစိုးရ တပ်မတော်ဘက်မှ အကျအဆုံးများသည်ဟု ထုတ်ပြန်ကာ ၎င်းတို့ဘက်မှ ကျဆုံးဒဏ်ရာ ရမှုများအား ထုတ်ပြန်မှု မရှိသလောက် နည်းသည်ကိုတွေ့ရသည်။ မြန်မာအစိုးရတပ်များ ဘက်တွင်မူ ၎င်းတို့၏ အကျအဆုံးအား ပုံမှန်လိုလိုထုတ်ပြန်ခဲ့ပြီး တဘက်မှ အကျအဆုံး နှင့် ဖမ်းဆီးရရှိမှုများအား ဖော်ပြသည်ကိုတွေ့ရခဲသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဖက် စလုံးမှ အပြန်အလှန် ဝါဒဖြန့်ချီမှုများရှိနေသဖြင့် ကျဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံ ရသည့် ကိန်းဂဏန်း များကို သီးခြား အတည်ပြုနိုင်ရန် ခက်ခဲသည်။
၎.၂.၄. ထိတွေ့ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်နှင့် စွပ်စွဲပြောဆိုမှုများ
(၁) တောင်ပြို-မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား မိုင်းထောင်ဖောက်ခွဲ သည့်ကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲလျက်ရှိရာ မိုင်းထောင်ဖောက်ခွဲမှုနှင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းဖြတ်တောက် တိုက်ခိုက်မှုများမှာ ပုံမှန်အားဖြင့် ပြောက်ကျားတပ်များမှ သမားရိုးကျ တပ်များအား ရင်ဆိုင်ရာတွင် အသုံးပြုသည့် စစ်နည်းပရိယာယ်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
(၂) အမ်းမြို့နယ်ရှိ၊ အစိုးရရေတပ်စခန်းမှပစ်ခတ်မှုကြောင့် ကျောက်ဖြူ-ယူနန်ဂတ်စ်ပိုက်လိုင်း အနီး၌ လက်နက်ကြီးအချို့ကျခဲ့ကြောင်း ULA/AA ၏ စွပ်စွဲချက်သည် မဟုတ်မှန်ကြောင်း မြန်မာအစိုးရ တပ်မတော်ဘက်မှ ငြင်းဆိုသော်လည်း ဒေသခံများကိုယ်တိုင်က တပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုထားရာ မြန်မာအစိုးရတပ်မတော်သည် တရုတ်အစိုးရ၏ ငြိုငြင်ခံရမည်ကို စိုးရိမ်ခြင်းကြောင့်သာ ငြင်းဆန်ခြင်းဖြစ်နိုင်ပြီး မိမိ၏ အချုပ်အခြာအာဏာ ပိုင်နယ်မြေအတွင်း အပြစ်မဲ့ပြည်သူများ မတော်တဆ ထိခိုက်သေဆုံးမည်ထက် မိမိနိုင်ငံမှ သယံဇာတတင်ပို့နေသည့် နိုင်ငံတခု၏ အလိုမကျဖြစ်မည်ကို ပိုမို အလေးထားကြောင်း ပေါ်လွင်နေသည်။
၎.၂.၅. မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ULA/AA နှင့် ဆက်စပ်၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖမ်းဆီးမှုများ
(၁) (၂၂.၀၇.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီး (၃) ဦးအား ULA/AA ကို ရိက္ခာထောက်ပံ့ပေးသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေပုဒ်မများဖြင့် ကျောက်ဖြူမြို့မ ရဲစခန်း၌ အမှုဖွင့်ထားသည်မှာလည်း အရပ်သားများအနေဖြင့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ ရိက္ခာ၊ ဆက် ကြေး၊ လုပ်အား အကူအညီ တောင်းသည်ဖြစ်စေ နီးရာဓားကြောက်၍ ပေးရသည့် သဘောရှိနိုင်သလို၊ ULA/AA မှန်းမသိဘဲ ရောင်းဝယ်မိခြင်းလည်း ဖြစ်နိုင်သည်။ အသွင်တမျိုးမျိုးဖြင့် စည်းရုံး၍ အကူအညီ တောင်းခံခြင်းလည်း ဖြစ်နိုင်သဖြင့် တနည်းနည်းဖြင့် ဆက်သွယ်ပတ်သက်မိသူ မှန်သမျှကို အပြစ်ပေး အရေးယူမည် ဆိုပါက မြန်မာအစိုးရတပ်မတော်အနေဖြင့် ULA/AA လှုပ်ရှားရာ နယ်မြေတိုင်းမှ ပြည်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရမည့် (ဝါ) ယူနိုင် သည့် သဘောသက်ရောက်နေပေသည်။
၎.၂.၆. ထူးခြားချက်များ
(၁) မြန်မာအစိုးရတပ်မတော် အနေဖြင့် (၄) နှစ်တာကာလအတွင်း ရခိုင်စစ်တိုင်းမှူး (၄) ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းကြောင့် ရခိုင်ပြည်တွင်းတိုက်ပွဲများ၌ တိုင်းမှူးများ၏ လုပ်ကိုင်ဆောင်ရွက်ချက် များအပေါ်တွင် အထက်အရာရှိများမှ ကျေနပ်အားရခြင်းမရှိဟု ယူဆရသည်။
၎.၃. လူ့အခွင့်အရေးဆိုင်ရာ သုံးသပ်ချက်များ
၎.၃.၁. မတရားဖမ်းဆီးချုပ်နှောင်ခြင်း
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးမှုများ
(၁.၁) မြန်မာအစိုးရ တပ်မတော်မှ အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းရာတွင် ဖမ်းဆီးပြီး လချီကြာသည့်တိုင်အောင်
(က) ULA/AA နှင့် ဆက်စပ်သည်ဟု ခိုင်လုံသော အထောက်အထား မပြနိုင်သူများ
(ခ) တရားစွဲဆိုမှုမရှိဘဲ ချုပ်နှောင်ခံထားရသူ၊ ညှင်းပန်းနှိပ်စက်ခံနေရသူများ
(ဂ) မိသားစုနှင့် အဆက်အသွယ် မရသေးသူများ အများအပြားရှိနေသည်မှာ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ဥပဒေအတိုင်း၊ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်နေပါသည်ဆိုသော တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ထုတ်ပြန်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေသည်။
(၂) ULA/AA မှ ဖမ်းဆီးမှုများ
(၂.၁) ULA/AA မှလည်း ယခင်ဖမ်းဆီးထားသည့် ခူမီးတိုင်းရင်းသားတချို့အား ပြန်မလွှတ်ပေးသေးခြင်း၊ လတ်တလော ဖမ်းဆီးထားသည့် ခူမီးတိုင်းရင်းသားများ ရှိနေ ခြင်းကြောင့် လူ့အခွင့်အရေး ရှုထောင့်မှ ပြစ်တင်ဝေဖန်ခံရခြင်း၊ ထိုဖြစ်စဉ်များကို ကိုးကား ၍ မြန်မာအစိုးရနှင့် တပ်မတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် စွပ်စွဲခြင်း၊ ရခိုင်နှင့် ခူမီးများကြား လူမျိုးရေးမုန်းတီးခြင်းစသည့် အကျိုးဆက်များ ရှိလာနိုင်သည်။
၎.၃.၂. ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက်မှုများ
(၁.၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်ကြောင်းထွက်စဉ် ဖမ်းဆီးနှိပ်စက် ခြင်း၊ ချုပ်နှောင်ထားစဉ် ညှင်းပန်းနှိပ်စက်ခြင်းများအပြင် ကျေးရွာများသို့ ဝင် ရောက်၍ အကြောင်းမဲ့ပစ်ခတ်ခြင်း၊ အထိုင်စခန်းများမှ လက်နက်ကြီးဖြင့် ရွာတွင်း သို့ ပစ်ခတ်ခြင်း အစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပြီး အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်နယ်နှင့် ပြည်ထောင်အစိုးရ (၂) ရပ် စလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ သလို၊ ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် (၂) ရပ် စလုံးတွင်လည်း ဆွေးနွေးဖြေရှင်းခြင်း မပြုနိုင်သဖြင့် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များကိုင်စွဲ ထားသည်ဆိုသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အစရှိသော ဒို့တာဝန် အရေးသုံးပါးနှင့် NLD အစိုးရမှ ကြွေးကြော် နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး ဦးတည်ချက်များ၏ အနှစ်သာရမှာ အဘယ်နည်းဟု မေးခွန်း ထုတ်စရာ ဖြစ်နေပေသည်။
(၁.၂) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခံရသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များနှင့် အမျိုးသမီးများလည်း အများအပြား ပါဝင်နေသည်ဖြစ်ရာ ၎င်းတို့မှာ ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့မှ ရန်သူလည်း မဖြစ်နိုင်ကြောင်း ထင်ရှားပြီးဖြစ် သဖြင့် အစိုးရလက်နက်ကိုင်တပ်ဖွဲ့များသည် ကြွက်မနိုင်၊ ကျီမီးရှို့သည့် သဘော မျိုးဖြင့် ပြည်သူလူထုအား ရန်သူသဖွယ်သဘောထား၍ ညှဉ်းပန်းနှိပ်စက်သကဲ့သို့ ဖြစ်နေပေသည်။
(၂) နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ
(၂.၁) မြန်မာအစိုးရ တပ်မတော်နှင့် သမ္မတရုံးမှ အစိုးရတပ်မတော်သည် အရပ်သားများ အားပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိကြောင်း၊ ULA/AA ရပ်ရွာများအား အခြေပြုပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရွာထဲမှနေ၍ ပစ်ခတ်ခြင်းများ ရှိသည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရပ်သားများ ထိခိုက်ခြင်း ရှိနိုင်ကြောင်းစသည်ဖြင့် ထုတ်ပြန်ပြောဆိုထားသည့်အတွက် တိုက်ပွဲတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် သေဆုံးခြင်းသည် ULA/AA ကြောင့်သာဖြစ်ပြီး၊ အကယ်၍ ထိုသို့ ထိခိုက်မှုများရှိလျှင် ၎င်းတို့တွင် တာဝန်မရှိကြောင်း ကြိုတင်ငြင်းဆန်လိုသည့် သဘော၊ ထိခိုက်ဒဏ်ရာရသည့် အရပ်သားများ၊ သေဆုံး/သတ်ဖြတ်ခံရသည့် အရပ်သားများသည် ULA/AA အဖွဲ့ဝင် (သို့မဟုတ်) ဆက်စပ်သူဟု စွပ်စွဲဖြေရှင်းမှု များအား ဆက်လက်ကျင့်သုံးသွားမည့်သဘောဟု ယူဆရသည်။
(၂.၂) တိုက်ပွဲဖြစ်ပွါး၍ အရပ်သားများ ထိခိုက်မှုရှိလျှင်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ အပြန်အလှန် စွပ်စွဲမှုသာရှိနေရာ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်အား ကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေရသည်ဆိုသော နှစ်ဖက် တပ်များ၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း လိုက်နာသည့်စံမှာ ထိခိုက်ခံစားရသည့် ပြည်သူများအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။
(၃) မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရမှုများ
(၃.၁) မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှု များပြားလာခြင်း သည် အစိုးရတပ်မတော်မှ စခန်းချသည့်နေရာများ၌ မြေမြှုပ်မိုင်းထောင်လေ့ရှိပြီး စစ်ကြောင်းထွက်ခွါသွားသော်လည်း မိုင်းရှင်းလင်းမှု မရှိသောကြောင့် ထိခိုက် ရခြင်းဖြစ်ကြောင်းနှင့် ULA/AA သည် အဆင့်မြင့်နည်းပညာဖြင့် မိုင်းများကို အသုံးပြုနေခြင်းဖြစ်ပြီး စည်းကမ်းမဲ့ မိုင်းထောင်ခြင်း မရှိကြောင်း ခိုင်သုခမှ ပြော သည်။ သို့ရာတွင် နင်းမိုင်း၊ တိုက်မိုင်းများမှာ လူသွားလူလားများသည့် နေရာများ တွင်သာ ထောင်လေ့ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းလိုလို လက်လုပ်မိုင်းများကိုသာ အဓိကအသုံးပြုကြသဖြင့် အဆိုပါမိုင်းများမှာ တခါ ထောင်ပြီးသည်နှင့် မပေါက်ကွဲသမျှကာလပတ်လုံး စွန့်လွှတ်မိုင်းများအဖြစ် ရှိနေ နိုင်သည်။ ပေါက်ကွဲသည့်အခါတွင်လည်း မည်မျှပင် အဆင့်မြင့်သည့် နည်းပညာ သုံးထားသည်ဖြစ်စေ၊ စည်းစနစ်တကျ ထောင်သည်ဖြစ်စေ နင်းမိ၊ တိုက်မိလျှင် စစ်သား၊ အရပ်သားမခွဲခြားဘဲ ပေါက်ကွဲမည်သာဖြစ်သည်။
(၃.၂) ရခိုင်ပြည်နယ် အစိုးရမှလည်း မိုင်းအန္တရာယ်ပညာပေးရမည်ကို အလေးမထားဘဲ မိုင်းမပေါက်ကွဲရန် နှစ်ဖက် လက်နက်ကိုင်အဖွဲ့များမှ မိုင်းမထောင်ကြရန်သာ လိုကြောင်းနှင့် မိုင်းထောင်သူရှိလျှင် ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရမည်ဖြစ်ပြီး မထောင်ပါက ကာကွယ်ထားပြီးဖြစ်ကြောင်း ပြီးစလွယ်ပြောဆိုလိုက်သည်မှာ သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် မိုင်းဘေးအန္တရာယ်သည် လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ရကြောင်း၊ လက်နက်ကိုင်ပဋိပက္ခသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားတန်းတူရေး ဆိတ်သုဉ်းမှုကြောင့် ဖြစ်ရကြောင်းကို မသိနားမလည်ရာရောက်ပေသည်။
၎.၃.၃. သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက်၍ သေဆုံးမှုများ
(၁.၁) မြန်မာအစိုးရတပ်မတော် အနေဖြင့် ၎င်းတို့ပစ်ခတ်၍သော်လည်းကောင်း၊ ဖမ်းဆီး ထားစဉ် ညှင်းပန်းနှိပ်စက်၍သော်လည်းကောင်း သေဆုံးသွားသည့် အရပ်သား များနှင့်ပတ်သက်၍ ဖြေရှင်းချက်များမှာ အလွန်တရာ ယုတ္တိယုတ္တာကင်းမဲ့သည်ကို တွေ့ရပေသည်။
(၁.၂) (၃၀.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၌ အစိုးရတပ်မတော်မှ ပစ်ခတ်၍ သေဆုံးသွားသူ ဦးကြိုးကြာဥ၊ အသက် (၆၇) နှစ်အား ဇနီးဖြစ်သူက လယ်သမား (၁) ဦးသားဖြစ်သည်ဟု ဆိုသော် လည်း မြန်မာအစိုးရတပ်မတော်မှ ULA/AA အဖွဲ့ဝင်ဖြစ်သည်ဟု အထောက်အထားမဲ့ စွပ်စွဲထားသည်။ အကယ်၍ သေဆုံးသူ သည် ULA/AA အဖွဲ့ဝင်ဖြစ်သည့်တိုင်အောင် လက်နက် ကိုင်ဆောင် တိုက်ပွဲဝင် နေသူ မဟုတ်သည့်အတွက် အကြောင်းမဲ့ပစ်သတ်ခြင်းမှာ စစ်ရာဇဝတ်မှုပင်ဖြစ် သည်။ မြန်မာအစိုးရ တပ်မတော် အနေဖြင့် တရားဝင် အမြင့်ဆုံးလုပ်ဆောင်ပိုင် ခွင့်မှာ သက်ဆိုင်သူအား ဖမ်းဆီးကာ ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်းရှိ-မရှိ အကြမ်းမဖက်စစ်ဆေးရန် ရဲလက်သို့ လွှဲပြောင်းပေးခြင်း သာဖြစ်သည်။
(၁.၃) (၁၁.၀၇.၂၀) ရက်နေ့တွင် သေဆုံးသွားသည့် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်း ကျေးရွာသား ကိုစိုးမြင့်ထွန်းအမှုတွင်လည်း သေဆုံးသူသည် ULA/AA အဖွဲ့ဝင် ဖြစ်ပြီး တဦးချင်းစီထိန်းသိမ်းထားစဉ် ၎င်းအား ချည်နှောင်ထားသည့် ကြိုးအား ဖြည်၍ ကြိုးဆွဲချသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ရဲတပ်မှူး သန်းနိုင်ကိုယ်တိုင်က သေဆုံးသူသည် မအီမြို့မရဲစခန်း၌ ကြိုးဆွဲချ သေဆုံး သွားခြင်း မဟုတ်ကြောင်း ပြောဆိုခဲ့သဖြင့် မြန်မာအစိုးရတပ်မတော်၏ လိမ်လည် ဖြေရှင်းမှုမှာ အလိုအလျောက် ထင်ရှားပြီးဖြစ်သည်။ ကိုစိုးမြင့်ထွန်း၏ အလောင်း အား ရဲစစ်ချက်ဖြင့်ခွဲစိတ်ပြီးမှ မိသားစုအား အပ်နှံခဲ့ခြင်းမှာလည်း မြန်မာအစိုးရ တပ်မတော်၏ မရိုးဖြောင့်မှုပင်ဖြစ်သည်။ သေဆုံးသူ၏ ကိုယ်တွင်လည်း လည်ပင်းရိုးကျိုးကာ သေနတ်ဖြင့် ထုထားသော ဒဏ်ရာများက သက်သေအဖြစ် ရှိနေသည်။
(၁.၄) ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ ဦးကျော်လှိုင်အား ကိုယ်အင်္ဂါ အစိတ် အပိုင်းများအား ဖြတ်တောက်၍ အလောင်းဖျောက် သတ်ဖြတ်မှုတွင်လည်း ကာယကံရှင်မိသားစုကိုယ်တိုင်က တပ်မတော်စစ်ကြောင်းတခုမှ ဖမ်းဆီးသွားပြီး ချုပ်နှောင်ထားသည်ကို အတိအကျ မြင်တွေ့ခဲ့ရကြောင်း ပြောဆိုသော်လည်း လုပ်ကြံစွပ်စွဲချက်သာဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ မျက်နှာဗြောင် တိုက် ငြင်းဆိုထားသည်ကို တွေ့ရသည်။
(၁.၅) ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှ ဦးမောင်ထွန်းစိန်၊ အသက် (၆၀) နှစ်ကို လည်း အကြောင်းမဲ့ပစ်သတ်ခဲ့သည့်အပေါ် အစိုးရနှင့် တပ်မတော် (၂) ဖွဲ့လုံးမှ တာဝန်ယူဖြေရှင်းပေးခြင်း မရှိပေ။
(၁.၆) ဤဖြစ်စဉ်များကို ကြည့်ပါက မြန်မာအစိုးရတပ်မတော်သည် ရခိုင်ပြည်သူလူထုကို ရန်သူသဖွယ် သဘောထား၍ ရက်ရက်စက်စက် အကြောင်းမဲ့သတ်ဖြတ် လျက်ရှိ ပြီး သေဆုံးသူများသည် ULA/AA အဖွဲ့ဝင်များဖြစ်သည်ဟု အထောက်အထား မဲ့စွပ်စွဲကာ မိမိကိုယ်ကို သတ်သေသည်ဟူ၍လည်းကောင်း၊ ၎င်းတို့က သတ်ဖြတ် သည်ဆိုခြင်းမှာ လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်သည်ဟူ၍လည်းကောင်း ပြီးစလွယ် ဖြေရှင်းလေ့ရှိပြီး တိုင်ကြားမှုများအား အရေးတယူပင် မလုပ်သည်ကိုတွေ့ရသည်။
(၂) ULA/AA မှ သတ်ဖြတ်မှုများ
(၂.၁) ULA/AA အဖွဲ့ဝင် (၂) ဦးက ပလက်ဝမြို့နယ်မှ၊ ခူမီးတိုင်းရင်းသား ဦးလှကျော်၊ အသက် (၆၂) နှစ်အား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းကြောင့် ရခိုင်နှင့် ခူမီးများကြား လူမျိုးရေးမုန်းတီးမှုများ ပိုမိုတိုးပွါးလာနိုင်သည်။
(၂.၂) (၂၃.၀၅.၂၀) နေ့တွင် ULA/AA မှ ဖမ်းဆီးသွားသည့် ALP/ALA အဖွဲ့ဝင် (၃) ဦး အား သတ်ဖြတ်လိုက်သည့် ကိစ္စမှာ ရခိုင်လူ့အဖွဲ့အစည်းအတွင်း ကြီးနိုင်ငယ် ညှင်းဝါဒ၊ ငါနှင့်မတူ ငါ့ရန်သူဝါဒ၊ အာဏာရှင်ဝါဒများကို အစပျိုးပေးရာရောက်ပြီး ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့်အပြင် ရခိုင်ပြည်သူလူထု အတွင်း အမျိုးသားဒီမိုကရေစီ ဆိတ်သုဉ်းနိုင်သည့် အလားအလာဆိုး တရပ်ပင် ဖြစ်သည်။
(၃) မိုင်းနင်းမိ၍ သေဆုံးမှုများ
(၃.၁) ကျေးရွာများအနီးပတ်ဝန်းကျင်တွင် မကြာခဏ မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ တိုးပွါးလာသဖြင့် ကျေးလက်နေပြည်သူလူထုအတွက် အသက်မွေး ဝမ်း ကျောင်းရန် ပိုမိုခက်ခဲလာပြီး ရေရှည်တွင် နေရပ်စွန့်ခွါမှုများ ပိုမိုများပြား လာနိုင်သည်။
၎.၃.၄. ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း
(၁) တိုက်ပွဲကာလတလျှောက်လုံးတွင် မြန်မာအစိုးရတပ်မတော် စစ်ကြောင်းများမှ ၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်းရှိ နေအိမ်နှင့်ဈေးဆိုင်များအား ဖောက်ထွင်းကာ စားသောက် ကုန်နှင့် ပစ္စည်းများအား ယူဆောင်သွားခြင်း၊ ဖျက်ဆီးခြင်းများကို အမြဲတမ်းလိုလို ပြုလုပ် နေကြသော်လည်း မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များမှ အပြစ်ပေးအရေး ယူခြင်း ဟန့်တားခြင်းမပြုသည်သာမက အကာအကွယ်ပင်ပေးနေသဖြင့် ထိုသို့လုယက် ဖျက်ဆီးခြင်း များအား ဆက်လက် ကျူးလွန်ကြလိမ့်ဦးမည်ဟု ယူဆရပေသည်။
၎.၃.၅. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း
(၁) NLD အစိုးရနှင့် စစ်တပ်မှ အင်တာနက်ပိတ်ဆို့ခြင်း၊ ငြိမ်းစုစီ၊ နိုင်လွတ်လုံ၊ မတရား အသင်းများအက်၊ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ဆက်သွယ်ရေး ဥပဒေများအပြင် ရာဇသတ်ကြီးပုဒ်မတို့ဖြင့်ပါ အရေးယူနေခြင်း၊ လူ့အခွင့်အရေးအရ ပြောဆိုဝေဖန်မှုများ အပေါ် ULA/AA နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ယူဆရသူများမှ ခြိမ်းခြောက် ခြင်း များရှိနေသဖြင့် ပဋိပက္ခဖြစ်ပွါးရာ ဒေသများအတွင်း အမှန်တရားဆိတ်သုဉ်းပြီး အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ပိုမိုတိုးပွါးလာနိုင်သည်။
၎.၃.၆. လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း
(၁) အစိုးရတပ်မတော်မှ နယ်မြေပိတ်ဆို့၍ သွားလာခွင့်ကန့်သတ်ထားခြင်း၊ မြစ်တွင်းသွားလာ နေသည့် စက်လှေများအား ပစ်ခတ်ခြင်း၊ ရေယာဉ်များအား သိမ်းဆည်းထားခြင်း တို့ကြောင့် ဒေသခံပြည်သူလူထု၊ အထူးသဖြင့် စစ်ဘေးရှောင်များမှာ သွာလာရေးခက်ခဲပြီး စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ပြဿနာများ ပိုမိုကြီးမားလာ နိုင်သည်။ အရေးပေါ်လူနာများမှာလည်း မလိုလားအပ်ဘဲ အသက်ဆုံးရှုံးခြင်းများ ဖြစ်ပေါ် လာနိုင်သည်။
၎.၃.၇. အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း
(၁) အစိုးရတပ်မတော် စစ်ကြောင်းများမှ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကိုပါ မချန် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင် အသုံးပြုလျက်ရှိပြီး လူလတ်၊ လူလတ်ပိုင်းအရွယ်များမှာ စစ်တပ်မှ ဖမ်းဆီးခံရမည် စိုးရိမ်သဖြင့် ပုန်းရှောင်ထွက်ပြေးကြခြင်းကြောင့် သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များအား အဓမ္မလုပ်အားပေးစေခိုင်းဖြင်းဖြစ်သည်ဟု ယူဆရ သည်။
၎.၃.၈. အတင်းအဓမ္မပြုကျင့်ခြင်း
(၁) မြန်မာအစိုးရ တပ်မတော်သားများမှ အဓမ္မပြုကျင့်ခြင်းကြောင့် ရခိုင်နှင့်ဗမာလူမျိုးများ ကြား လူမျိုးရေးမုန်းတီးမှု ပိုမိုတိုးပွါးလာနိုင်ပြီး မြန်မာအစိုးရနှင့် တပ်မတော်မှာလည်း ဂုဏ်သိက္ခာကျဆင်းသထက် ကျဆင်းလာနိုင်သည်။
၎.၄. စစ်ဘေးရှောင်ဆိုင်ရာ သုံးသပ်ချက်များ
၎.၄.၁. စစ်ဘေးရှောင်ဦးရေနှင့် စခန်း အတိုးအလျော့
(၁) ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စစ်ဘေးရှောင်ဦးရေ (၃၀၀၀၀) ခန့်ရှိပြီး၊ ဇူလိုင်လတွင် စစ်ဘေးရှောင်ဦးရေ (၁၀၀၀၀) ခန့်ရှိသဖြင့် ယခင်လထက် (၆၆.၆၇) ခန့်လျော့ကျခဲ့သည်။ အဓိကအားဖြင့် အောက်ပါ အကြောင်းရင်းများကြောင့် စစ်ဘေးရှောင်ကြရခြင်းဖြစ်သည်။
(၁.၁) အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ထိုးစစ်များပြုလုပ်ခြင်း၊
(၁.၂) အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေခြင်း၊
(၁.၃) အစိုးရတပ်မတော် စစ်ကြောင်းများမှ ကျေးရွာများအတွင်းသို့ ပစ်ခတ်၍ ဝင်ရောက် လာခြင်း၊
(၁.၄) အစိုးရတပ်မတော် စစ်ကြောင်းများမှ ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ ဖမ်းဆီး ညှင်းပမ်းခြင်း၊
(၁.၅) အစိုးရတပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာများအတွင်းသို့ ကျရောက် ခြင်း၊
(၁.၆) ကျေးရွာများအနီးတွင် တိုက်ပွဲဖြစ်ပွါးခြင်း၊
(၁.၇) ကျေးရွာများအနီးတွင် မိုင်းပေါက်ကွဲသံ၊ ပစ်ခတ်သံများကြားရ၍ တိုက်ပွဲဖြစ်ပွါးမည်ကို စိုးရိမ်ကြခြင်း၊
(၁.၈) ကျေးရွာများအနီးတွင် မိုင်းနင်းမိ၍ သွားလာလှုပ်ရှားရန်နှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲ လာခြင်း။
၎.၄.၂. စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေး
(၁) စစ်ဘေးရှောင်များ တဖြည်းဖြည်း တိုးပွါးလာခြင်း၊ စခန်းသစ်များ ဆောက်လုပ်ခွင့်မရခြင်း၊ စခန်းဟောင်းများတွင် အဆောက်အဦးသစ်များ ဆောက်လုပ်ရန် ငွေကြေးလုံလောက်မှု မရှိခြင်း၊ မိုးသည်းထန်၍ ရေလွှမ်းမိုးခြင်းတို့ကြောင့် နေထိုင်ရေး အကြပ်အတည်းများရှိနေ ပြီး မိုးလယ်နှင့် မိုးနှောင်းကာလများတွင် ပိုမိုဆိုးဝါးလာနိုင်သည်။ အထူးသဖြင့် စစ်ဘေး ရှောင်စခန်းများ၌ အမျိုးသမီးများအတွက် ရေချိုးခန်းနှင့် အိမ်သာမလုံလောက်သည်မှာ လည်း ပြဿနာတရပ်ပင်ဖြစ်သည်။
(၂) မှီခိုအားထားလောက်သော အစိုးရအထောက်အပံ့မရှိခြင်းနှင့် စစ်ဘေးရှောင်စခန်းသို့ လှူဒါန်းမှုများအားလည်း ကန့်သတ်ထားခြင်းတို့ကြောင့် စားနပ်ရိက္ခာ အပူတပြင်းဖြေရှင်း ရမည့် ကိစ္စများဖြစ်သည်။
(၃) စစ်ဘေးရှောင်စခန်းအတွင်း၌နေထိုင်သူမှာ (၆၂၁၃၇) ဦးရှိပြီး ပြင်ပတွင် နေထိုင်သူမှာ (၁၂၈၅၇၁) ဦး ရှိသဖြင့် နှစ်ဆခန့် များပြားသည်ဖြစ်ရာ အစိုးရ တရားဝင် သတ်မှတ်ထား သည့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများများသာ အထောက်အပံ့တစုံတရာ ရရှိ ကာ ကိုယ်ထူကိုယ်ထ စခန်းတွင်နေထိုင်သူများ၊ အထူးသဖြင့် စခန်းပြင်ပတွင် နေထိုင်ရသူ များမှာ အမေ့လျော့ခံ သဖွယ်ဖြစ်နေပေသည်။
(၄) စစ်ဘေးရှောင်များအတွက် လှူဒါန်းမှုများကို ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနှင့် ပုဂ္ဂလိက အလှူရှင်များမှ တနိုင်တပိုင်ပြုလုပ်လျက်ရှိကြသော်လည်း အစိုးရမှ စီမံကိန်းချ၍ စနစ်တကျနှင့် ထိထိရောက်ရောက်ဖြေရှင်းရန် ကြိုးပမ်းမှုမျိုး လုံးဝမရှိသည်ကိုတွေ့ရသည်။
၎.၄.၃. စစ်ဘေးရှောင်များ၏ ကျန်းမာရေး
(၁) မိုးတွင်းကာလဖြစ်၍ ငှက်ဖျား၊ တုပ်ကွေးအစရှိသည့် ရောဂါများအား ကာကွယ်နိုင်ရန် အိပ်ရာ၊ ခြင်ထောင်နှင့် အဝတ်အထည် လိုအပ်ချက်များအား အလျဉ်မီအောင် မဖြေရှင်း နိုင်ပါက ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံရသူ အများအပြား ရှိလာနိုင်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များမှာ အဓိက ထိခိုက်ခံစားရသူများ ဖြစ်လာနိုင်သည်။
၎.၄.၄. စစ်ဘေးရှောင်များ၏ လုံခြုံရေး
(၁) စစ်ဘေးရှောင် စုစုပေါင်း (၁၉၀၇၀၈) ရှိသည့် အနက် (၇၀) ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ပြီး လူမှုလုံခြုံရေး ကင်းမဲ့နေသည်မှာ ရခိုင်လူ့အဖွဲ့အစည်းတခုလုံး အလေးအနက် စဉ်းစားရမည့် ကိစ္စဖြစ်သည်။
(၂) တိုက်ပွဲများကြား၌ ပိတ်မိနေသော အရပ်သားများအား အစိုးရမှ တာဝန်ယူ၍ ကူညီ ကယ်ဆယ်ခြင်းမပြုဘဲ ပြည်သူလူထုကသာ သွားရောက် ကယ်ထုတ်နေကြရသည်မှာ လည်း ပြည်သူလူထုအပေါ် အစိုးရတရပ်မှ ပေးရမည့် ဝန်ဆောင်မှုများအား ပျက်ကွက်ခြင်း ပင်ဖြစ်သည်။
(၃) စစ်ဘေးရှောင်များအား မူလနေရပ်၌ ပြန်လည်နေရာချထားရေးတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများနှင့် မြေမြှုပ်မိုင်းအန္တရာယ်မှာ အဓိကဖြေရှင်းရမည့် ပြဿနာတရပ်ပင် ဖြစ်သည်။
၎.၄.၅. စစ်ဘေးရှောင်များ၏ ပညာရေး
(၁) စစ်ဘေးရှောင် ကလေးသူငယ်များ၏ ပညာရေးတွင်
(၁.၁) စစ်ဘေးရှောင်စခန်းများတွင် ကျောင်းအပ်ရန်နှင့် ကျောင်းသုံး ပစ္စည်းများဝယ်ယူရန် ငွေကြေးမတတ်နိုင်ခြင်း၊
(၁.၂) တိုက်ပွဲများကြောင့် အသွားအလာကန့်သတ်ခြင်း ခံထားရသဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန် ပစ္စည်းများသယ်မရခြင်း၊
(၁.၃) တခြားဒေသများသို့ သွားရောက်ပညာသင်ရန်လည်း စရိတ်စခမရှိခြင်း၊
(၁.၄) ပညာသင်ကြားရန် အခက်အခဲများအား ပညာရေးမှူးနှင့် အုပ်ချုပ်ရေးမှူးများထံသို့ တင်ပြ သော်လည်း ထိထိရောက်ရောက် ဖြေရှင်းမပေးခြင်းတို့ကြောင့် စစ်ဘေးရှောင်စခန်းရှိ လူငယ်များ၏ အနာဂတ်မှာ ရင်လေးဖွယ်ရာပင်ဖြစ်သည်။
၎.၅. လူမှု–စီးပွါးရေးဆိုင်ရာ သုံးသပ်ချက်များ
၎.၅.၁. စား၊ ဝတ်၊ နေရေး
(၁) လူနေရပ်ကွက်နှင့် ကျေးရွာများ၊ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများတွင် တိုက်ပွဲ ဖြစ်ပွါးခြင်း၊ မိုင်းပေါက်ကွဲခြင်းနှင့် အစိုးရတပ်မတော်မှ နယ်မြေပိတ်ဆို့ စစ်ဆင်ရေး ပြုလုပ် ခြင်းတို့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်နားထားသော ကြောင့် လူထု၏ လုပ်ကိုင် စားသောက်ရေး ကြပ်တည်းမှုများရှိနေသည်။
၎.၅.၂. ကျန်းမာရေး
(၁) လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးရာ ဒေသများတွင် ဆေးဝါးပစ္စည်းများ သယ်ဆောင် ခွင့်အား အခြားနေရာသို့ ရောက်သွားမည်ကိုစိုးရိမ်သည်ဆိုသော အကြောင်းပြ ချက်ဖြင့်အစိုးရနှင့်တပ်မတော်တို့မှ ပိတ်ပင်ထားခြင်းမှာ လူတဦးချင်းစီ၏ အသက် ရှင်ရပ်တည်ရေးကိုပင် ထည့်သွင်းစဉ်းစားခြင်း မပြုရာရောက်ပေသည်။
(၂) မောင်တောနှင့် မြစ်တဖက်ကမ်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းများတွင် ရေလွှမ်း မိုးမှုကြောင့် မောင်တောခရိုင်အတွင်းသို့ ခိုးဝင်မှုများ တိုးပွါးလာနိုင်ပြီး ၎င်းတို့နှင့်အတူ COVID-19 ရောဂါ ပြန့်ပွါးမှုလည်း ကျယ်ပြန့်လာနိုင်သည်။ အပေါက်ဝ တိုက်နယ်ဆေးရုံ၌ ကွာရန်တင်းဝင်နေသည့် ကိုဗစ်စောင့်ကြည့်လူနာ (၁) ဦးသေဆုံးသွားသည့် ကိစ္စမှာ ရောဂါပိုးကြောင့် ဟုတ်-မဟုတ် သင်္ကာမကင်း ဖွယ်ဖြစ်ပြီး၊ ရခိုင်ပြည်သို့ ပြည်တွင်းမှ ပြန်လာသူများကို Quarantine မထား တော့ခြင်း၊ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများနှင့် စောင့်ကြည့်လူနာများ မကြာခဏ ပျောက်ဆုံးနေခြင်းတို့ကြောင့် ရခိုင်ပြည်တွင်း ကိုဗစ်အန္တရာယ်မှာလည်း စိုးရိမ် ဖွယ်ရာပင်ဖြစ်သည်။
(၃) အစိုးရမှ စစ်တွေဆေးရုံကြီးသို့ ပေးပို့မည့်ကိစ္စမှအပ ကိုဗစ်ရောဂါကာကွယ်ရေး ပစ္စည်းများအား ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) နှင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှသာ လှူဒါန်းခဲ့သည်ကိုတွေ့ရသဖြင့် လိုအပ်ချက် အများအပြားရှိနေလိမ့်မည်ဟု ခန့်မှန်းရသည်။
၎.၅.၃. လုံခြုံရေး
(၁) လူဝင်မှုကြီးကြပ်ရေး
(၁.၁) တဘက်နိုင်ငံမှ ခိုးဝင်လာသူများ မရှိတော့ကြောင်း မောင်တောခရိုင် အုပ်ချုပ် ရေးမှူးမှ ပြောဆိုထားသော်လည်း ယခင်လက ဒေသခံပြည်သူလူထုနှင့် အမတ် များက အစိုးရတာဝန်ရှိသူမျုား၏ လာဘ်စားခြစားမှုကြောင့် ခိုးဝင်မှုများ ရှိနေသည် ဟူ၍လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက တိုက်ပွဲကြောင့် နယ်စပ်တလျှောက်လုံးတွင် လုံခြုံရေး ဆောင်ရွက်ရန် အခက် အခဲရှိသည် ဟူ၍ လည်းကောင်း၊ သမ္မတရုံးမှ ဒေသခံများ လုပ်ကိုင်စားသောက် ရေးအတွက် ဝင်ထွက်နေရသည့် နေရာများအား ပိတ်ဆို့ရန် မဖြစ်နိုင်ဟူ၍ လည်းကောင်း ပြောဆို ချက်များရှိနေရာ တဘက်နိုင်ငံမှ ခိုးဝင်သူများ အလွယ် တကူ ပပျောက်သွားပြီဆို သည့် ဖြေရှင်းချက်မှာ လက်ခံရန် ခက်ခဲပေသည်။
(၂) တရားဥပဒေစိုးမိုးရေး
(၂.၁) မြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်အနီးတဝိုက်ရှိ ကျေးရွာများတွင်ပင် ပိုက်နက် ကျူးလွန်၍ ဓားထောက် လုယက်မှု၊ လူကုန်ကူးမှုနှင့် ဓာတ်ဆီသွန်၍ မီးရှို့ လုပ်ကြံမှုများ ဖြစ်ပွါးနေပြီး ပြည်သူလူထုထဲတွင် တရားဥပဒေစိုးမိုးမှုမရှိသည့် ခေတ်ဖြစ်၍ ရဲတပ်ဖွဲ့သို့တိုင်ကြားပါက ပြန်လည်ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်ပါ သည်ဟု တိုင်းသိပြည်သိ ပြောကြားနေပါလျက် အစိုးရမှ တစုံတရာ တုံ့ပြန်ဖြေရှင်း မှု မလုပ်ပေးနိုင်သည်မှာ အလားတူ ရာဇဝတ်မှုများ ကျူးလွန်ရန် အခွင့်အရေးပေး ထား သကဲ့သို့ ဖြစ်နေပေသည်။
(၃) လက်နက်ကိုင်တပ်ဖွဲ့များကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်မှု
(၃.၁) လူနေရပ်ကွက်နှင့် ကျေးရွာများအနီးနှင့် လူနေရပ်ကွက်နှင့် ကျေးရွာများ၊ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းများတွင် တိုက်ပွဲဖြစ်ပွါးခြင်း၊ မိုင်းပေါက် ကွဲခြင်း၊ အစိုးရတပ်မတော် စစ်ကြောင်းများမှ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာလုယက်ခြင်း၊ အစိုးရ တပ်မတော်မှ လူနေရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် လူ့အခွင့်အရေး ကော်မရှင်တို့မှ တာဝန်ယူမှု၊ တာဝန်ခံမှု တစုံတရာ မရှိသည်သာမက မိုင်းအန္တရာယ်ကာကွယ်ရေး ပညာပေး အစီအစဉ်များကိုပင် ပြည်နယ်အစိုးရမှ လုပ်ဆောင်ရန်မရှိဘဲ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ လုပ်ဆောင်ရန် စီစဉ်နေသည်ကိုတွေ့ရသဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ များအား ဒေသခံများအနေဖြင့် ပြည်သူ့အစိုးရ ဟု ရှုမြင်နိုင်ရန်ပင် ခဲယဉ်းပေသည်။
၎.၅.၄. ပညာရေး
(၁) နယ်မြေမလုံခြုံခြင်း၊ တိုက်ပွဲကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရခြင်း၊ ကျောင်းသုံး ပစ္စည်း များ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲကြုံနေရခြင်း၊ အထက်တန်းကျောင်း အများစုများ တွင် ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ထားမှုမှာ သတ်မှတ် စံချိန်စံနှုန်းအတိုင်း ပြည့်မီမှုမရှိ ခြင်းကြောင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းသူ/ကျောင်းသား အများစု ပညာမသင် ကြားရခြင်း၊ သင်ကြားရလျင်လည်း သင်ကြားရေးအစီအစဉ်များ ဖြောင့်ဖြူး လိမ့်မည်မဟုတ် ကြောင်း သုံးသပ်ရသည်။
၎.၅.၅. မူးယစ်ဆေးဝါး
(၁) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၃) ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ဆေးပြားအရေအတွက် (၁၅၉၅၂၅၀)၊ ကာလပေါက်ဈေး ကျပ်ငွေ သိန်း (၂၆၈၀၀၀) ကျော်ခန့်ရှိခဲ့ပြီး ဇူလိုင်လတွင် (၁) ကြိမ် ဖမ်းဆီးရရှိခဲ့ကာ၊ စိတ်ကြွရူးသွပ် ဆေးပြား (၁၃၆၆၁၀)၊ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၇၃၀) ကျော် ကျဆင်းခဲ့သဖြင့် တန်ဖိုးအားဖြင့်တွက်လျှင် (၉၉) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ကျဆင်းခဲ့သဖြင့် ရောင်းဝယ်ဖောက်ကားမှု ကျဆင်းသွား သည်ဟု တထစ်ချ မပြောနိုင်ဘဲ ခြေရာခံမရသည့်အမှု။ လွတ်မြောက်သွားသည့်အမှုများ ရှိနိုင်သည်ဟုလည်း သုံးသပ်ရသည်။
၎.၅.၆. စီးပွါးရေး
(၁) စစ်တွေနှင့် မောင်တောတွင် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်ထားရသောကြောင့် အလုပ် လက်မဲ့ဖြစ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျေးလက်ဒေသတွင် လယ်ယာ ထွန်ယက် စိုက်ပျိုးမှု ရပ်ဆိုင်းထားရခြင်းများ၊ ကားလမ်းပေါ်တွင် တိုက်ပွဲ ဖြစ်ပွါး ခြင်းကြောင့် ကုန်ပစ္စည်းရှားပါးမှုနှင့် ဈေးနှုန်းမြင့်မားခြင်းများ ဖြစ်ပေါ်နေပြီး တရားဥပဒေ စိုးမိုးရေး လျော့ရဲခြင်းကြောင့် ရာဇဝတ်မှုများ ဆက်လက် တိုးပွါးလာ နိုင်သည်ဟု ခန့်မှန်းရသည်။
၎.၅.၇. ဖွံ့ဖြိုးတိုးတက်ရေး
(၁) ရခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခပြင်းထန်၍ တရားဥပဒေစိုးမိုးရေး လျော့ရဲ နေချိန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်ပေါ်နေချိန်တွင်
(၁.၁) ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွံ့ဖြိုးရေးစီမံချက် (၁၆) ခုအား အကောင် အထည်ဖော်ရန်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်မှုအား မကြာမီ စတင်ရန်၊
(၁.၂) စစ်တွေမြို့အနီး ရေနံလုပ်ကွက် AD-8 မကုန်မီ ၂၀၂၀ ခုနှစ်အတွင်း စတင် တူးဖော်ရန်၊
(၁.၃) ကျောက်ဖြူရေနက်ဆိပ်ကမ်းအား မကြာမီ စတင်တည်ဆောက်ရန်၊
(၁.၄) မာန်အောင်တွင် ဟိုတယ်နှင့်ခရီသွားလုပ်ငန်းဇုန် (၁) ခုကို ၂၀၂၀ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေခြင်းများမှ ဒေသခံ အခြေခံလူတန်းစားများအတွက် ထိုက်သင့် သည့် အကျိုးခံစားခွင့်ကို အမှန်တကယ် ရရှိစေနိုင်မည်မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ စီးပွါးရေးလုပ်ငန်းရှင်ကြီးများအတွက်သာ အဓိက အကျိုးဖြစ်ထွန်းစေမည် ဟု ယူဆရသည်။
၎.၅.၈. သဘာဝပတ်ဝန်းကျင်
(၁) မဒေးကျွန်းအနီး ရေထုညစ်ညမ်းမှုမှာ ၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၀ တွင် (၃) ကြိမ်ရှိခဲ့ပြီ ဖြစ်သော်လည်း အစိုးရအနေဖြင့် တိကျသည့်အဖြေတခု ထုတ်ပြန်ရန် ပျက်ကွက် နေခြင်းမှာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအား မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။
၎.၅.၉. ယဉ်ကျေးမှု
(၁) မြောက်ဦး ယဉ်ကျေးမှုနယ်မြေဇုန်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်းနှင့် လက်နက်ကြီးကျည် ကျရောက်ခြင်းတို့ကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း (UNESCO) ဝင်ရောက် နိုင်ရေး ကြိုးပမ်းမှုများ နှောင့်နှေးနေသည်မှာ နှစ်ဖက်လက်နက်ကိုင်တပ်များ အနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ မထိခိုက်စေရေးကို ထည့်သွင်းစဉ်းစားမှု အားနည်းနေပြီး ပလက်ဝမြို့နယ်ရှိ ကျေးရွာ (၃၀) မှ ဘုန်းကြီးကျောင်းများတွင် အစိုးရတပ်မတော်မှ စခန်းချ နေထိုင်ခြင်းတို့မှာ သာသနိက အဆောက်အအုံများ၌ တပ်ချထားခြင်း လုံးဝမရှိပါ ဆိုသော မြန်မာအစိုးရတပ်မတော်မှ ထုတ်ပြန်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေသည်။
၅. ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ အတွင်း ရခိုင်ပြည်ရေးရာနှင့် ပတ်သက်၍ အကြံပြုချက်များ
၅.၁. နိုင်ငံရေးဆိုင်ရာ အကြံပြုချက်များ
၅.၁.၁. ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
(၁) စတုတ္ထအကြိမ် ၂၁-ရာစု ပင်လုံညီလာခံအား အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ညှိနှိုင်း ရေးဆွဲ အတည်ပြုထားကြသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အတိုင်းသာ ကျင်းပသင့်ပြီး အဓိကအားဖြင့်
(၁.၁) တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊
(၁.၂) ကဏ္ဍအလိုက် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး တန်းတူရေး အခြေခံမူဖြင့် ပါဝင်နိုင်ရေး၊
(၁.၃) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား အနှစ်သာရရှိရှိဖြင့် ကျယ် ကျယ်ပြန့်ပြန့် ကျင်းပခွင့်ပြုရေး အစရှိသည့် အခြေခံမူများကို ကျင့်သုံး သင့်သည်။
(၂) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အား အစိုးရနှင့် တပ်မတော်၏ ဆန္ဒသဘော ထားဖြင့် ပွင့်လင်းမြင်သာမှု မရှိဘဲ မကြာခဏ လိုသလို ပြင်ဆင်နေခြင်းကြောင့် ကျန်အစုအဖွဲ့များမှ အယုံအကြည် ပျက်ယွင်းပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်စဉ်တခုလုံးအား ထိခိုက်နိုင်သည်ကို သတိချပ်သင့်သည်။
(၃) နိုင်ငံရေးဆွေးနွေးရာတွင်
(၃.၁) စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် အမြဲတမ်းပါဝင်ရေးကို စဉ်းစားနေခြင်း၊
(၃.၂) တိုင်းရင်းသားအရေးကို အလေးမထားခြင်း၊
(၃.၃) NLD အနေဖြင့် စစ်တပ်နှင့် အဆင်ပြေရေးကိုသာ ဦးစားပေးပြီး တိုင်းရင်း သားများနှင့် အဆင်ပြေရေးကို ဒုတိယအဆင့်တွင်သာ ထားရှိခြင်းဖြင့် ဒီမိုကရေစီ အစိုးရကိုသော်လည်းကောင်း၊ ဖက်ဒရယ် နိုင်ငံကိုသော်လည်းကောင်း အောင်မြင် စွာ တည်ဆောက်နိုင်မည်မဟုတ်သည်ကို အလေးအနက် စဉ်းစားသင့်သည်။
(၄) ထို့ပြင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ဆန္ဒမှန်ကို အခြေ မခံဘဲ နိုင်ငံကြီးတခုခု၏ ဖိအားကြောင့် ပြုလုပ်ရသော တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းမှ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိသော ရေရှည် တည်တံ့ခိုင်မြဲသည့် ရလာဒ်များ ပေါ်ထွက်မလာနိုင်ဘဲ ဖိအားပေးသော နိုင်ငံကြီး များ၏ အကျိုးစီးပွါးကိုသာ သက်ဆိုင်ရာ အစုအဖွဲ့များအနေဖြင့် ဦးစားပေး စဉ်းစား နေရမည်ကို ဂရုပြုသင့်သည်။
၅.၁.၂. ULA/AA နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဆက်ဆံရေး
(၁) ULA/AA အနေဖြင့် CNF နှင့် ALP/ALA တို့ကဲ့သို့ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲ ဝင်နေကြသည့် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အင်အား အခြေခံဖြင့် မထီမဲ့မြင် ဆက်ဆံခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းဖြင့် ဘုံရည်မှန်းချက်သို့ ချီတက်ရာလမ်းကြောင်းတွင် အင်အားပြိုကွဲမှုကိုသာ ဖြစ်စေနိုင်သဖြင့် မတူကွဲပြားမှုများ ရှိပါက ညှိနှိုင်းဆွေးနွေးအဖြေရှာတတ်သည့် အလေ့အထကို တည်ဆောက်သင့်ပြီး မြန်မာအစိုးရတပ်မတော်နှင့် အလားတူ “လက်နက်အားကိုး စစ်ဘုရင်ဝါဒ၊ ငါနှင့်မတူ ငါ့ရန်သူဝါဒ” များကို လိုက်နာကျင့်သုံးမိခြင်းမျိုး မဖြစ်စေရန် အထူးသတိထားသင့်သည်။
(၂) CNF အနေဖြင့်လည်း ပလက်ဝမြို့နယ်တွင် ULA/AA အခြေစိုက်ထားခြင်းကြောင့် နယ်မြေ မတည်ငြိမ် ဖြစ်နေရသည်ဆိုသော အခြေခံစဉ်းစားချက်သည် မြန်မာအစိုးရတပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြောင့် နယ်မြေမငြိမ်မသက် ဖြစ်နေရသည် ဆိုသော ပြောဆိုစွပ်စွဲများနှင့် အလားသဏ္ဍာန်တူနေပြီး ပလက်ဝမြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အုပ်ချုပ်ရေး အောက်တွင်ရှိနေကာ ရခိုင်ပြည်တွင်း စစ်ရေးအခြေအနေကို အဆုံးအဖြတ်ပေးရာတွင် အရေးပါသည့် နယ်မြေတခုဖြစ်သည်ကို လည်းကောင်း၊ အရပ်သားများ ထိခိုက်သေဆုံးမှု အများစုသည် မြန်မာအစိုးရ တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖြစ်နေရသည်ကို လည်းကောင်း၊ ဗမာလူမျိုးကြီးဝါဒ၊ နယ်ချဲ့ဝါဒနှင့် စစ်အာဏာရှင်စနစ် မပပျောက်သရွေ့ ဗမာမဟုတ်သည့် တိုင်းရင်းသားတိုင်းသည် ၎င်းတို့အတွက် စစ်ရေးအရ အကျိုးရှိမည့် နယ်မြေတွင် ခိုလုံတိုက်ပွဲဝင်နေကြရသည်ကိုလည်းကောင်း သတိမူပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း ပြေလည်အောင်ညှိနှိုင်းရန် နည်းလမ်းရှာဖွေသင့်သည်။
၅.၁.၃. ရွေးကောက်ပွဲနှင့် ပြည်ထောင်စုအရေး
(၁) NLD အစိုးရအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတင် အနိုင်ရရုံတခုတည်းဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ အစိုးရဖွဲ့စည်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကိစ္စများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ ယုံကြည်ကိုးစားမှုနှင့် ပူးပေါင်းပါဝင်မှုကို ရရှိမှသာ ရည်မှန်းရာပန်းတိုင်းသို့ အလျင်အမြန်ရောက်ရှိနိုင်မည်ကို နားလည်သဘောပေါက်ပြီး ၂၀၂၀ တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အလေးအနက်ထားသင့်သည်။
(၂) ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအား လုပ်ပိုင်ခွင့် ကန့်သတ်ထားခြင်းကို ပြန်လည်သုံးသပ်ရုံသာမက ရွေးကောက်ပွဲကော်မရှင်နှင့်ခုံရုံးအား အခြားတိုင်းရင်းသား ပါတီမှ ကိုယ်စားလှယ်များ လူထုခေါင်းဆောင်များနှင့် ပူးပေါင်းဖွဲ့စည်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအုတ်မြစ်ချသင့်သည်။
(၃) ထို့ပြင် NLD ပါတီအနေဖြင့် ယနေ့အချိန်ထိ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ခြင်း မရှိသေးသည်သာမက တိုင်းရင်းသား ပါတီ တချို့မှ ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆန္ဒရှိနေချိန်တွင် အပြတ်အသတ် အနိုင်ရရေး အတွက်သာ ပြင်ဆင်နေသည်ဆိုသော ပြောဆိုချက်ကြောင့် NLD ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံ အပေါ်တွင် ဗမာမဟုတ်သော တိုင်းရင်းသားများမှ မည်မျှအယုံအကြည်ပျက်ယွင်းမည်ကို ထည့်သွင်းစဉ်းစားသင့်သည်။
၅.၁.၄. ရွေးကောက်ပွဲနှင့် ရခိုင်ပြည်အရေး
(၁) ရခိုင်ပါတီများအနေဖြင့် ပြည်သူလူထုမှ လွှတ်တော်နိုင်ငံရေးကို စိတ်ပျက်နေချိန်၊ လက် နက်ကိုင် ပဋိပက္ခနှင့် ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားချိန်၊ ရခိုင် ပြည်၌ ရွေးကောက်ပွဲကျင်းပမည်-မကျင်းပကို မြန်မာအစိုးရနှင့် တပ်မတော်ကသာ အဆုံး အဖြတ်ပေးမည့် အချိန်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ညပိုင်ရေးကိစ္စနှင့် ပတ်သက်၍ အချင်းချင်း အငြင်းပွါးနေကြမည့်အစား ရွေးကောက်ပွဲလွန်ကာလတွင် ရခိုင်ပြည်တွင်း၌ စစ်အုပ်ချုပ်ရေး (သို့) စစ်အုပ်ချုပ်ရေး အသွင်ဆောင်သော အုပ်ချုပ်ရေးမျိုး ပေါ်ပေါက် လာပြီး ရခိုင်ပြည်သူလူထု၏ ထိခိုက်ခံစားရမှုများအား အတူတကွ ဖြေရှင်းရန် လိုအပ်မည် ဆိုသည့် စဉ်းစားချက်ဖြင့် မဲဆန္ဒနယ်ခွဲဝေသတ်မှတ်၍ ယှဉ်ပြိုင်ခြင်းကို ပြုလုပ်နိုင်ကြမည် ဆိုပါက လူထုအရေးကို လက်တွေ့စဉ်းစားရာ ရောက်မည်သာမက အမျိုးသားညီညွတ်ရေး ကိုပါ တပါတည်း တည်ဆောက်ရာ ရောက်ပေမည်။
(၂) လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်းရှိ မူဆလင်များအား ဆန္ဒမဲပေးပိုင်ခွင့် နှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ပိုင်ခွင့်ပေးရန် တောင်းဆိုမှုများမှာ နိုင်ငံသား အခွင့်အရေးအရ ကန့်ကွက်စရာမဟုတ်သော်လည်း နိုင်ငံသားပြုရေး၊ မဲပေးပိုင်ခွင့်ရရှိရေး ကိစ္စများနှင့်ပတ်သက်၍ ရခိုင်နှင့် မူဆလင်ကြား အငြင်းပွါးဖွယ်ကိစ္စများ၊ NLD၊ ပြည်ခိုင်ဖြိုး နှင့် တပ်မတော်တို့မှ ရခိုင်ပြည်တွင်း နိုင်ငံရေး၌ သပ်လျှိုသွေးခွဲ စည်းရုံးမှုများအား ဖြေရှင်းမည့် နည်းလမ်းများကို ကြိုတင်ရှာဖွေထားသင့်သည်။
၅.၁.၅ အမုန်းစကား ပြောဆိုမှု
(၁) “Khaing Htun” နှင့် “Zaw Gyi” အကောင့်တုများသုံး၍ ရခိုင်အချင်းချင်း လုပ်ကြံရေးသား ဝါဒဖြန့်ခြင်း၊ ဒေါ်ခင်စောဝေနှင့် ဒေါ်အေးနုစိန်တို့အား ပြည်သူလူထုနှင့် ရန်တိုက်ခြင်းသည် အမျိုးသားရေးအား အပြုသဘောဖြင့် တိုးတက်အောင် ဆောင်ရွက်ရာမရောက်ဘဲ အမျိုး သားရေးပြဿနာများအား ဦးစီးဦးဆောင် ဖြေရှင်းနေသူများအား စိတ်ဓာတ်ပျက်ပြား အောင်၊ အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲအောင် လုပ်ရာရောက်ကြောင်း သက်ဆိုင် ရာ ပုဂ္ဂိုလ်များမှ ဆင်ခြင်သင့်ပေသည်။
(၂) “ပြည်စောင့်သား” အကောင့်ပိုင်ရှင်မှ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ လိင်အကြမ်း ဖက်မှုကျူးလွန်ခံရသည့် အမျိုးသမီးအား မြန်မာအစိုးရတပ်မတော်မှ လျော်ကြေးငွေ (၅) သိန်းပေးမည်ဟု “ပြည်စောင့်သား” လုပ်ကြံရေးသားခဲ့ခြင်းနှင့် “ဝီးခရရွှေရခိုင်ပြည်” အကောင့်ပိုင်ရှင်နှင့် “သူ့ကျွန်မခံ အာရကန်” အကောင့်ပိုင်ရှင်တို့မှ ဘူးသီးတောင်မြို့နယ် တွင် အစိုးရတပ်မတော်သား (၄) ဦးမှ အမျိုးသမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်သွားပြီး နားကပ်ကိုပါ ဖြုတ်ယူသွားကြောင်း လုပ်ကြံရေးသားခဲ့ခြင်းတို့သည် မတရားကျူးလွန်ခံရသူ အမျိုးသမီးအတွက် အမှုမှန်ပေါ်ပေါက်အောင် ကူညီရာမရောက်သည်သာမက နောက် နောင် အလားတူ အမှုများပေါ်ပေါက်လာလျှင်လည်း တိုင်တန်းချက်ကို ပြည်သူလူထုနှင့် နိုင်ငံတကာမှ ယုံကြည်မှု လျော့နည်းအောင် ပြုလုပ်ရာ ရောက်ကြောင်း ဆင်ခြင်သင့်သည်။
၅.၁.၆. အင်တာနက် ဖြတ်တောက်ပိတ်ဆို့မှုနှင့် ဒီမိုကရေစီ အလားအလာ
NLD အစိုးရအနေဖြင့် ရခိုင်ပြည်မှ မြို့နယ် (၈) ခုနှင့် ပလက်ဝမြို့နယ်တွင် ပြုလုပ်နေသည့် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ကန့်သတ်မှုအား ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး သမားများမှ မေးခွန်းထုတ်နေကြသည်ကို ဒီမိုကရေစီအစိုးရ တရပ်အနေဖြင့် အများလက်ခံ နိုင်လောက်သည့် ဂုဏ်သိက္ခာရှိသော တုံ့ပြန်မှုပေးသင့်သည်။
၅.၁.၇. နိုင်ငံရေး ပထဝီ
ဒေသတွင်း အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး မြန်မာပြည်တွင်းရှိ မတူကွဲပြားသည့် အင်အားစုများကြား နည်းလမ်းမျိုးစုံသုံး၍ သြဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်း နေချိန်တွင် မိမိတို့၏ အာဏာရရှိရေး၊ အာဏာတည်မြဲရေးအတွက် ပြည်တွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဓိက ဦးစားပေး အကောင်အထည်မဖော်နိုင်ပါက သက်ဆိုင် ရာ အင်အားစုများအားလုံးသည် မိမိတို့မှီခိုအားထားရာ အင်အားကြီးနိုင်ငံများအတွက်သာ အလုပ်အကျွေးပြုရင်း အချင်းချင်း တိုက်ခိုက်နေကြရမည်ကို အလေးအနက်ထား စဉ်းစား သင့်သည်။
၅.၂. စစ်ရေးဆိုင်ရာ အကြံပြုချက်များ
၅.၂.၁. ထိတွေ့ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်နှင့် စွပ်စွဲပြောဆိုမှုများ
(၁) မြန်မာအစိုးရတပ်မတော်အနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကာယ ကံရှင်များ၊ မိသားစုဝင်များ၊ သက်ဆိုင်ရာ လွှတ်တော်အမတ်များ၊ ဒေသခံ ပြည်သူများနှင့် အရပ်ဘက် လူထု အသင်းအဖွဲ့များမှ တရားမျှတမှုရရှိရန် အကြိမ်ကြိမ် တောင်းဆိုနေကြ သည်ကို အလေးမထားဘဲ ကျောက်ဖြူ-ယူနန်ဂတ်စ်ပိုက်လိုင်းနှင့် (၂) ဖာလုံခန့်အကွာ တွင် လက်နက်ကြီးကျည်ကျသည့် ကိစ္စအပေါ်တွင် တရုတ်အစိုးရ၏ အငြိုငြင်ခံရမည်ကို စိုးရိမ်စိတ်ဖြင့် မဟုတ်ပါကြောင်း ဖြေရှင်းနေရသည်မှာ မိမိ၏ အချုပ်အခြာ အာဏာပိုင် နယ်မြေအတွင်း အပြစ်မဲ့ပြည်သူများ မတော်တဆ ထိခိုက်သေဆုံးမည်ထက် မိမိနိုင်ငံမှ သယံဇာတတင်ပို့နေသည့် နိုင်ငံတခု၏ အလိုမကျဖြစ်မည်ကို ပိုမို အလေးထားကြောင်း ပေါ်လွင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်မည်၊ ပြည်ပရန်ကို ကာကွယ်မည်ဆိုသည့် မြန်မာအစိုးရတပ်မတော်အနေဖြင့် အလေးအနက် ဆင်ခြင် သုံးသပ်သင့်ပေသည်။
၅.၂.၂. မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ULA/AA နှင့် ဆက်စပ်၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖမ်းဆီးမှုများ
(၁) ULA/AA မှန်း မသိ၍သော်လည်းကောင်း၊ အကြောက်တရားကြောင့်သော်လည်းကောင်း ဆက်ဆံနေရသည့် ပြည်သူတိုင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်သာ ဆက်လက်စွဲချက် တင်နေမည်ဆိုပါက ရခိုင်ပြည်သူလူထု တရပ်လုံးအား မြန်မာအစိုးရ တပ်မတော်မှ ရန်သူသဖွယ် ဆက်ဆံနေသည့်သဘော သက်ရောက်သွားနိုင်သည်ကို တပ်မတော်ခေါင်းဆောင်များ အနေဖြင့် နားလည်သဘောပေါက်သင့်သည်။
၅.၂.၃. ထူးခြားချက်များ
(၁) (၄) နှစ်တာကာလအတွင်း ရခိုင်စစ်တိုင်းမှူး (၄) ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ရသည် ကို ထောက်ရှုခြင်းအားဖြင့် ထိုအပြောင်းအလဲများသည် မြန်မာအစိုးရတပ်များသည် ဒေသခံလူထု၏ ထောက်ခံအားပေးမှု မရရှိခြင်း၊ ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အမျိုးသားတန်းတူရေးကို အသိအမှတ်မပြုလိုသည့်အတွက် ပြည်တွင်းစစ်တွင် တိုင်းရင်း သားအချင်းချင်း သတ်ဖြတ်နေရသည့် အပေါ်တွင် စိတ်ကုန်၍ တိုက်ရည်ခိုက်ရည် ကျဆင်း ခြင်းများကြောင့်သာ ဖြစ်နေရသည်ဆိုပါက မြန်မာအစိုးရ တပ်မတော်ခေါင်းဆောင်များ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထိုးစစ်ဆင်နေရသည့် ရည်မှန်းချက်များကိုပင် ပြန်လည်သုံးသပ်သင့်ပြီ ဖြစ်သည်။
၅.၃. လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်များ
၅.၃.၁. မတရားဖမ်းဆီးချုပ်နှောင်ခြင်း
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးမှုများ
မြန်မာအစိုးရ တပ်မတော်မှ ဆန့်ကျင်ဘက် အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းရာတွင်
(၁.၁) ခိုင်လုံသော အထောက်အထားမပြနိုင်ဘဲ ဖမ်းဆီးခံရသူများ၊
(၁.၂) ရဲတပ်ဖွဲ့သို့ လွှဲပြောင်းမပေးဘဲ ၎င်းတို့လက်ထဲ၌ ထိန်းသိမ်းထားသူများ၊
(၁.၃) တရားစွဲဆိုမှုမရှိဘဲ ချုပ်နှောင်ခံထားရသူ၊ ညှင်းပန်းနှိပ်စက်ခံနေရသူများ
(၁.၄) မိသားစုနှင့် အဆက်အသွယ် မရသေးသူများစာရင်းကို အစိုးရမှ လက်ခံရယူလျက် လူတဦးချင်းစီ၏ မွေးရာပါ အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများအား အာမခံ ချက်ပေးသင့်သည်။
(၂) ULA/AA မှ ဖမ်းဆီးမှုများ
ULA/AA အနေဖြင့်လည်း စစ်သတင်းလုံခြုံရေးကြောင့် ယာယီထိန်းသိမ်းထားရခြင်းမှအပ တခြားသော အကြောင်းပြချက်များဖြင့် အရပ်သားပြည်သူများကို ကာလရှည်ကြာ ဖမ်းဆီး ထားလျှင်
(၂.၁) လူ့အခွင့်အရေးရှုထောင့်မှ ပြစ်တင်ဝေဖန်ခံရနိုင်ခြင်း၊
(၂.၂) ထိုဖြစ်စဉ်များကိုကိုးကား၍ မြန်မာအစိုးရနှင့် တပ်မတော်မှ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ဆက်လက်စွပ်စွဲခြင်း၊
(၃) ရခိုင်ပြည်တွင်းရှိ မတူကွဲပြားသော တိုင်းရင်းသားများကြား လူမျိုးရေးမုန်းတီးခြင်းများ ဖြစ်ပေါ်လာနိုင်သည်ကို ရေရှည်မျှော်တွေး၍ စသည့် အကျိုးဆက်များ ရှိလာနိုင်သည်။
၅.၃.၂. ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက်မှုများ
(၁.၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲများမှ စစ်ကြောင်းထွက်စဉ် ဖမ်းဆီးနှိပ်စက်ခြင်း၊ ချုပ် နှောင်ထားစဉ် ညှင်းပန်းနှိပ်စက်ခြင်းများအပြင် ကျေးရွာများသို့ ဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ အထိုင်စခန်းများမှ လက်နက်ကြီးဖြင့် ရွာတွင်းသို့ ပစ်ခတ်ခြင်း အစရှိသော လုပ်ရပ်များမှာ ပြည်သူကို ရန်သူလို သဘောထား၍ ကွက်မနိုင်၊ ကျီမီးရှို့သည့် သဘောမျိုး ဖြစ်နေသဖြင့် တခြားခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတကာမှ တပ်မတော်များကို လေ့လာ၍ လိုအပ်သည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနှင့် သိက္ခာစောင့်ထိန်းမှု ဆိုင်ရာ ပညာပေးအစီအစဉ်များကို စနစ်တကျ ပြုလုပ်ပေးသင့်သည်။
(၂) နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ
(၂.၁) မြန်မာအစိုးရတပ်မတော်အနေဖြင့် ဆန့်ကျင်ဘက်တပ်နှင့် ထိတွေ့ရာနေရာတွင် အရပ်သား ပြည်သူများရှိနေပါက ထိခိုက်မိလျှင် မတတ်နိုင်ဆိုသည့် ဖြေရှင်းချက် ပေးခြင်း၊ ထိခိုက်သေဆုံးလျှင် ဆန့်ကျင်ဘက်အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သည်ဟု တဖက် သတ် စွပ်စွဲခြင်းဖြင့် ပြီးစလွယ် ဖြေရှင်းတတ်သည့် လုပ်နည်းလုပ်ဟန်အား ပြန်လည်သုံးသပ်ပြီး ကျင့်ဝတ် သိက္ခာ စောင့်ထိန်းသည့် တပ်မတော်တရပ်ဖြစ် ကြောင်းကို ပြည်သူလက်ခံနိုင်အောင် အပြောမဟုတ် အလုပ်ဖြင့် သက်သေပြ သင့်သည်။
(၂.၂) တိုက်ပွဲဖြစ်ပွါး၍ အရပ်သားများ ထိခိုက်မှုရှိလျှင်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ အပြန်အလှန် စွပ်စွဲမှုသာရှိသည်ဆိုသော ထိခိုက်ခံစားရသည့် ပြည်သူများ၏ အသံကိုလည်း အလေးဂရုပြုသင့်သည်။
(၃) မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရမှုများ
(၃.၁) ULA/AA အနေဖြင့် မိုင်းထောင်ရာတွင် မည်မျှအဆင့်မြင့်သည့် နည်းပညာကို သုံးထားသည်ဖြစ်စေ၊ စည်းစနစ်တကျ ထောင်သည်ဖြစ်စေ အများသူငါ ဖြတ်သန်း သွားလာနိုင်သည့် နေရာတွင်ထောင်လျှင် နင်းမိ၊ တိုက်မိပါက စစ်သား၊ အရပ်သား မခွဲခြားဘဲ ပေါက်ကွဲမည်သာဖြစ်ပြီး ထောင်လိုက်သော မိုင်းများသည် တခါထောင် ပြီးသည်နှင့် မပေါက်ကွဲသမျှကာလပတ်လုံး စွန့်လွှတ်မိုင်းများအဖြစ် ဆက်လက်ရှိ နေမည်ဖြစ်၍ မိမိတို့မိုင်းက အဆင့်မြင့်သည်၊ မိမိတို့ မိုင်းထောင်ပုံက စည်းစနစ် ကျသည် ဆိုရုံမျှဖြင့် အရပ်သားများ နင်းမိ၊ တိုက်မိသော မိုင်းသည် မြန်မာအစိုးရ တပ်မတော်မှ ထောင်သောမိုင်း ဖြစ်ပါသည်ဟု ပြော၍မရနိုင်ကြောင်း ပြန်လည် သုံးသပ်သင့်သည်။
(၃.၂) ရခိုင်ပြည်နယ် အစိုးရမှလည်း လူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်အား ကာကွယ် စောင့်ရှောက်ရေးသည် ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ခံယူပါက မိုင်းအန္တရာယ် ပညာပေး အစီအစဉ်များ ပြုလပ်ရမည်မှာလည်း သက်ဆိုင်ရာ အစိုးရ၏ တာဝန် သာဖြစ်ကြောင်းနှင့် နှစ်ဖက် လက်နက်ကိုင်များ မိုင်းမထောင်ကြရန်မှာ အမျိုးသား တန်းတူရေး အခြေခံကြောင့် ဖြစ်ပွါးသော လက်နက်ကိုင် ပဋိပက္ခပြေလည်မှ ဖြစ်နိုင်မည့်အကြောင်းကို နားလည် သဘောပေါက်သင့်သည်။
၅.၃.၃. သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း
(၁) မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များမှ ညှင်းပန်းနှိပ်စက်၍ သေဆုံးမှုများ
မြန်မာအစိုးရတပ်မတော် အနေဖြင့်
(၁.၁) ၎င်းတို့ပစ်ခတ်၍သော်လည်းကောင်း၊ ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်၍ သော်လည်း ကောင်း သေဆုံးသွားသည့် အရပ်သားများအား ဆန့်ကျင်ဘက် အဖွဲ့အစည်းမှ အဖွဲ့ဝင် များဖြစ်သည်ဟု အထောက်အထားမဲ့စွပ်စွဲခြင်း၊
(၁.၂) ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်ခံရ၍ သေဆုံးသွားသူများသည် မိမိကိုယ်ကို သတ်သေ ခြင်းဖြစ်သည်ဟူ၍ လိမ်လည်ထွက်ဆိုခြင်း၊
(၁.၃) သေမှုသေခင်းနှင့်ပတ်သက်၍ မိသားစုကိုယ်တိုင်က တိုင်ချက်ဖွင့်နေပါလျက် လုပ်ကြံစွပ်စွဲ ခြင်းသာ ဖြစ်သည်ဟူ၍ ပြီးစလွယ် ဖြေရှင်းခြင်းများသည် တပ်မတော်တရပ်လုံးအား ပြည်သူအားလုံးမှ အယုံအကြည်ပျက်စေသည်သာမက မုန်းတီးနာကြည်းစေသည့် လုပ်ရပ် များဖြစ်သည်ကို သဘောပေါက်သင့်သည်။
၅.၃.၄. ULA/AA မှ သတ်ဖြတ်မှုများ
(၁) ULA/AA အနေဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ ခူမီးတိုင်းရင်းသားများအား ဖမ်းဆီးသတ် ဖြတ်ခြင်းကြောင့် ရခိုင်နှင့် ခူမီးများကြား လူမျိုးရေးမုန်းတီးမှုများ ပိုမိုတိုးပွါးလာနိုင်သည်ကို လည်းကောင်း၊ ALP/ALA အဖွဲ့ဝင် (၃) ဦးအား သတ်ဖြတ်လိုက်သည့် ကိစ္စမှာ ရခိုင်လူ့အဖွဲ့အစည်းအတွင်း ကြီးနိုင်ငယ်ညှင်းဝါဒ၊ ငါနှင့်မတူ ငါ့ရန်သူဝါဒ၊ အာဏာရှင်ဝါဒ များကို အစပျိုးပေးရာရောက်ပြီး ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့် အပြင် ရခိုင်ပြည်သူလူထုအတွင်း အမျိုးသားဒီမိုကရေစီ ဆိတ်သုဉ်းအောင် လုပ်ရာရောက် သည်ကိုလည်းကောင်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတခုအနေဖြင့် ပြန်လည်သုံးသပ်သင့်သည်။
(၂) မိုင်းနင်းမိ၍ သေဆုံးမှုများ
ကျေးရွာများအနီးပတ်ဝန်းကျင်တွင် မကြာခဏ မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု များ တိုးပွါးလာသဖြင့် ကျေးလက်နေပြည်သူလူထုအတွက် အသက်မွေးဝမ်းကျောင်းရန် ပိုမိုခက်ခဲလာပြီး ရေရှည်တွင် နေရပ်စွန့်ခွါမှုများ ပိုမိုများပြားလာနိုင်သည်။
၅.၃.၅. ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း
(၁) မြန်မာအစိုးရတပ်မတော် စစ်ကြောင်းများမှ နေအိမ်နှင့်ဈေးဆိုင်များအား ဖောက်ထွင်းကာ စားသောက်ကုန်နှင့် ပစ္စည်းများအား ယူဆောင်သွားခြင်း၊ ဖျက်ဆီးခြင်းများကြောင့် တပ်မတော် တရပ်အား ဓားပြတပ်ဖွဲ့တခုအဆင့်နှင့်မခြား လူထုထဲတွင် ထင်မြင်ချက်ဖြစ် ပေါ်နေသည်ကို ထိပ်ပိုင်းခေါင်းဆောင်များမှ နားလည်သဘောပေါက်သင့်သည်။
၅.၃.၆. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း
(၁) NLD အစိုးရအနေဖြင့် အင်တာနက်ပိတ်ဆို့ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို သူများအား ငြိမ်းစုစီ၊ နိုင်လွတ်လုံ၊ မတရားအသင်းများအက်၊ အကြမ်းဖက် တိုက်ဖျက်ရေး နှင့် ဆက်သွယ်ရေးဥပဒေများအပြင် ရာဇသတ်ကြီးပုဒ်မတို့ဖြင့်ပါ အရေးယူနေခြင်းတို့မှာ ဒီမိုကရေစီအစိုးရဟု မိမိကိုယ်ကို ခံယူထားပြီး အပြောနှင့် အလုပ် ကွာဟနေကြောင်း သတိထားသင့်သည်။
(၂) လူ့အခွင့်အရေးအရ ပြောဆိုဝေဖန်မှုများအပေါ် ULA/AA နှင့် ပတ်သက်ဆက်နွယ်နေ သည်ဟု ယူဆရသူများမှ ခြိမ်းခြောက်ခြင်းများကြောင့် အဖိနှိပ်ခံနှင့် အမှန်တရားအတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးအဖွဲ့အစည်းတခုသည် လက်နက်အားကိုးဖြင့် အုပ်စုဖွဲ့ အနိုင်ကျင့်တတ်သည့် အဖွဲ့အစည်းတခုအဖြစ် ပုံပေါ်လာမည်ကို အမြော်အမြင်ရှိရှိဖြင့် ဆင်ခြင်ထိန်းချုပ်သင့်သည်။
၅.၃.၇. လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း
(၁) အစိုးရတပ်မတော်မှ နယ်မြေပိတ်ဆို့၍ သွားလာခွင့်ကန့်သတ်ထားခြင်း၊ မြစ်တွင်းသွားလာ နေသည့် စက်လှေများအား ပစ်ခတ်ခြင်း၊ ရေယာဉ်များအား သိမ်းဆည်းထားခြင်း တို့ကြောင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းအား စစ်ရေးအရ ပိုမိုဖိအားပေးလာနိုင်သည်ကို မတွေ့ရဘဲ ဒေသခံပြည်သူလူထုကိုသာ တမျိုးပြီးတမျိုး ဒုက္ခပေးသလိုဖြစ်နေသည်ကို တပ်မတော်ခေါင်းဆောင်များမှ လက်တွေ့ကျကျ ရှုမြင်သုံးသပ်သင့်သည်။
၅.၃.၈. အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း
(၁) အစိုးရတပ်မတော် စစ်ကြောင်းများမှ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကိုပါ မချန် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်အသုံးပြုလျက်ရှိသည်မှာ ဒီမိုကရေစီနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို မဆိုထား၊ လူမှုကျင့်ဝတ်စည်းကမ်းများနှင့်ပင် မကိုက်ညီကြောင်းကို ထည့်သွင်းစဉ်းစားသင့်သည်။
၅.၃.၉. အတင်းအဓမ္မပြုကျင့်ခြင်း
(၁) မြန်မာအစိုးရ တပ်မတော်သားများသည် တခြားတိုင်းရင်းသား နယ်မြေများ၌လည်း အဓမ္မပြုကျင့်မှုများကြောင့် တိုင်ကြားထွက်ဆိုချက်များ အမြောက်အမြားရှိနေပြီးဖြစ်ရာ ရခိုင်ပြည်တွင်း၌ လိင်ပိုင်းဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပွါးပါက ယခုအမှုများတွင် မြန်မာအစိုးရတပ်များ၏ ငြင်းဆိုချက်ကို ပြည်တွင်း၊ ပြည်ပမှ လက်မခံ ကြရုံသာမက ယခင်အမှုများအတွက်လည်း ထင်ရှားအောင် သက်သေပြရာရောက်မည်ကို လည်းကောင်း၊ ဤလုပ်ရပ်များကြောင့် အစိုးရတပ်များ ကြွေးကြော်နေသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုသည်မှာ ကြားကောင်းရုံသက်သက် ဖြစ်နေသည်ကိုလည်းကောင်း သဘောပေါက်သင့်သည်။
၅.၄. စစ်ဘေးရှောင်ဆိုင်ရာ အကြံပြုချက်များ
၅.၄.၁. စစ်ဘေးရှောင်ဦးရေနှင့် စခန်း အတိုးအလျော့
(၁) စစ်ဘေးရှောင်ဦးရေ အတိုးအလျော့သည် နှစ်ဖက် တပ်များကြား ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်ခြင်းနှင့် တိုက်ရိုက်အချိုးကျနေသဖြင့် နှစ်ဖက် လက်နက်ကိုင်တပ်များ အနေဖြင့် တိုက်ပွဲဖော်ထုတ်ရာတွင် လူထုအား ထိခိုက်နစ်နာမှုကို ထည့်သွင်းစဉ်းစားရမည်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို စောင့်ထိန်းလိုက်နာသော တပ်တိုင်းအတွက် စံသတ်မှတ်ချက်ဖြစ်သည်ကို သတိမူသင့်သည်။
၅.၄.၂. စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေး
(၁) ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအနေဖြင့်
(၁.၁) စစ်ဘေးရှောင်များလျော့နည်း ကျဆင်းစေရန် နှစ်ဖက် တပ်များကြား ဝင်ရောက် ဖျန်ဖြေခြင်းလည်းမပြု၊
(၁.၂) စစ်ဘေးရှောင် စခန်းသစ်များအားလည်း ဆောက်လုပ်ခွင့်မပေး၊
(၁.၃) စခန်းဟောင်းများတွင် အဆောက်အဦးသစ်များ ဆောက်လုပ်ရန်လည်း ထောက်ပံ့ ခြင်းမရှိ၊
(၁.၄) ရာသီဥတုဆိုးဝါး၍ စစ်ဘေးရှောင်များ ကြုံတွေ့ရမည့် အခက်အခဲများအတွက် လည်း ကူညီကယ်ဆယ်ရေး အစီအစဉ်များ ချမှတ်ထားခြင်းမရှိ၊
(၁.၅) အမျိုးသမီးများအတွက် ရေချိုးခန်းနှင့်အိမ်သာလုံလောက်အောင်လည်းမစီစဉ်ပေး၊
(၁.၆) စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ကန့်သတ်ထားသည်မှာ အစိုးရကိုယ်တိုင်မှ ပြည်သူတဦးချင်းစီ၏ လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို ငြင်းပယ်သကဲ့သို့ဖြစ်နေသဖြင့် ပြန်လည်သုံးသပ်၍ လိုအပ်သည့် အစီအစဉ်များကို ချမှတ်လုပ်ဆောင်သင့်သည်။
၅.၄.၃. စစ်ဘေးရှောင်များ၏ ကျန်းမာရေး
(၁) စစ်ဘေးရှောင်အားလုံး၏ (၇၀) ရာခိုင်နှုန်းမှာ ကလေးသူငယ်နှင့် အမျိုးသမီးများဖြစ်နေပြီး မိုးတွင်းကာလ ရောဂါများအား ကာကွယ်နိုင်ရန် အိပ်ရာ၊ ခြင်ထောင်နှင့် အဝတ်အထည် များကို အစိုးရမှ ထောက်ပံ့ပေးခြင်း မရှိသည့်အတွက် ရခိုင်ပြည်သူလူထုအပေါ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများမှ ဆောင်ရွက်ပေးရမည့် အခြေခံဝတ္တရားများ ပျက်ကွက်နေသည်ကို သတိမူသင့်သည်။
၅.၄.၄. စစ်ဘေးရှောင်များ၏ လုံခြုံရေး
(၁) ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ အနေဖြင့် စစ်ဘေးရှောင် အမျိုးသမီးနှင့် ကလေး သူငယ်များ၏ လူမှုလုံခြုံရေး၊ တိုက်ပွဲများကြား၌ ပိတ်မိနေသော အရပ်သားများအား ကူညီ ကယ်ထုတ်ရေး၊ မပေါက်ကွဲသေးသည့် လက်နက်ကြီးများနှင့် မြေမြှုပ်မိုင်းများအား ရှင်းလင်းရေးနှင့် ပညာပေးရေးကို ထိထိရောက်ရောက်ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုအပေါ် တွင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသသင့်သည်။
၅.၄.၅. စစ်ဘေးရှောင်များ၏ ပညာရေး
(၁) စစ်ဘေးရှောင် ကလေးသူငယ်များအနေဖြင့် နှစ်လရှည်ကြာ ပညာသင်ကြားခွင့်မရလျင် ထိုလူငယ်များ၏ အနာဂတ်သာမက တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှု များကိုပါ ဖြစ်ပေါ်စေသဖြင့် သက်ဆိုင်ရာ အစိုးရတိုင်း၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်တိုင်း စစ်ဘေးရှောင်ကလေးသူငယ် ပညာသင်ကြားခွင့်ရရေး ပြဿနာကို အလေးအနက် စဉ်းစားသင့်ပေသည်။
၅.၅. အထွေထွေ လူမှု–စီးပွါးရေးဆိုင်ရာ အကြံပြုချက်များ
၅.၅.၁. စား၊ ဝတ်၊ နေရေး
(၁) ကိုရိုနာဗိုင်းရပ်စ်ကြောင့် တခြားပြည်နယ်များ၌ စား၊ ဝတ်၊ နေရေး ကြပ်တည်းပြီး အလုပ်အကိုင် အဆင်မပြေချိန်တွင် ရခိုင်ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခဒဏ်ကိုပါ ခံစားနေရ သဖြင့် အစိုးရ၏ လူမှုကူညီစောင့်ရှောက်မှု ထောက်ပံ့ရေး အစီအစဉ်များတွင် ဦးစားပေးစဉ်းစား သင့်သည်။
၅.၅.၂. ကျန်းမာရေး
(၁) လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးရာ ဒေသများတွင် ဆေးဝါးပစ္စည်းများ သယ်ဆောင်ခွင့်အား ပိတ်ပင်ထားသဖြင့် အစိုးရနှင့် တပ်မတော်မှ လူတဦးချင်းစီ၏ အသက်ရှင်ရပ်တည်ရေးကို ငြင်းပယ်ရာ ရောက်နေသဖြင့် ပြန်လည် သုံးသပ်သင့်သည်။
(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းများတွင် COVID-19 ရောဂါ ပြန့်ပွါးနေပြီး ရေလွှမ်းမိုး မှုကြောင့် မောင်တောခရိုင်အတွင်းသို့ ခိုးဝင်မှုများ တိုးပွါးလာနိုင်ကာ ခိုးဝင်စောင့်ကြည့် လူနာများမှာလည်း မကြာခဏပျောက်ဆုံးနေခြင်းကြောင့် ရခိုင်ပြည်တွင်း ကိုဗစ်ပြန့်ပွါးမှုကို အထူးသတိထား၍ စောင့်ကြည့်သင့်ပေသည်။
၅.၅.၃. လုံခြုံရေး
(၁) လူဝင်မှုကြီးကြပ်ရေး
တဘက်နိုင်ငံမှ မောင်တောခရိုင်သို့ ခိုးဝင်လာသူများသည် အလွယ်တကူ ပပျောက်သွား ရန်မှာ မဖြစ်နိုင်ဘဲ ၎င်းတို့နှင့်အတူ ကိုဗစ်ရောဂါ ပြန့်ပွါးနိုင်ခြေလည်းများသဖြင့် လူဝင်မှု ကြီးကြပ်ရေးကို အထူးတင်းကြပ်ထားသင့်သည်။
(၂) တရားဥပဒေစိုးမိုးရေး
မြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်အနီးတဝိုက်ရှိ ကျေးရွာများတွင်ပင် ရာဇဝတ်မှုကြီးများ ဖြစ်ပွါးနေပြီး ရဲတပ်ဖွဲ့သို့တိုင်ကြားလျင်လည်း ဖြေရှင်းပေးနိုင်မည်မဟုတ်ဆို ပြောဆိုချက် များရှိနေရာ ရခိုင်ပြည်တွင်း အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ယန္တရားများ၏ ခိုင်မြဲမှုနှင့် လူထုယုံကြည်မှုအပေါ်တွင် ပြန်လည် ဆန်းစစ်၍ လိုအပ်သည့် ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်သင့်ပြီဖြစ်သည်။
(၃) လက်နက်ကိုင်တပ်ဖွဲ့များကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်မှု
(၃.၁) နှစ်ဖက် လက်နက်ကိုင်တပ်များ အနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်မှုအတွက် တဘက်အဖွဲ့အစည်းတွင်သာ တာဝန်ရှိကြောင်း စွပ်စွဲ ၍ တာဝန်ယူ၊ တာဝန်ခံရန် ရှောင်လွှဲခြင်းဖြင့် ရေရှည်တွင် လူထုယုံကြည်ကိုးစားမှု ကျဆင်းလာမည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တပ်မတော်တရပ်၏ အခြေခံ တာဝန်သည် သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်ဖြစ်သည်ကို သတိမူကာ စစ်ဆင်ရေးစီမံကိန်း ရေးဆွဲရာ တွင် လူထုထိခိုက်မှု အနည်းဆုံးဖြစ်ရန် ထည့်သွင်းစဉ်းစားသင့်သည်။
၅.၅.၄. ပညာရေး
(၁) စစ်ဘေးရှောင် စခန်းများ၌သာမက စစ်ဘေးရှောင် စခန်းပြင်ပတွင်ပါ ကိုဗစ် ကာကွယ်ရေးနှင့် တိုက်ပွဲများကြောင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းသူ/ ကျောင်းသား အများစု အေးချမ်းစွာ ပညာသင်ကြားရန် အခက်အခဲများရှိနိုင်ရာ ရေရှည်တွင် ဤပြဿနာအား သက်ဆိုင်ရာ အစိုးရများအပြင် ရခိုင်လူ့အဖွဲ့ အစည်းတခုလုံးမှ ဝိုင်းဝန်းအဖြေရှာသင့်သည်။
၅.၅.၅. မူးယစ်ဆေးဝါး
(၁) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၃) ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ဆေးပြားအရေအတွက် (၁၅၉၅၂၅၀)၊ ကာလပေါက်ဈေး ကျပ်ငွေ သိန်း (၂၆၈၀၀၀) ကျော်ခန့်ရှိခဲ့ပြီး ဇူလိုင်လတွင် (၁) ကြိမ် ဖမ်းဆီး ရရှိခဲ့ကာ၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၃၆၆၁၀)၊ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၇၃၀) ကျော် ကျဆင်းခဲ့သဖြင့် တန်ဖိုးအားဖြင့်တွက်လျှင် (၉၉) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ကျဆင်းခဲ့သဖြင့် ရောင်းဝယ် ဖောက်ကားမှု ကျဆင်းသွားသည်ဟု တထစ်ချ မပြောနိုင်ဘဲ ခြေရာခံမရ သည့်အမှု၊ လွတ်မြောက်သွားသည့်အမှုများ ရှိနိုင်သည်ဟုလည်း သုံးသပ်ရသည်။
၅.၅.၆. စီးပွါးရေး
(၁) ကိုရိုနာဗိုင်းရပ်စ်နှင့် တိုက်ပွဲများကြောင့် အလုပ်လက်မဲ့ဖြစ်မှုများ၊ လယ်ယာ ထွန် ယက်စိုက်ပျိုးမှု ရပ်ဆိုင်းထားရခြင်းများ၊ ကုန်ပစ္စည်းရှားပါးမှုနှင့် ဈေးနှုန်း မြင့်မား ခြင်းများ ဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးရေး လျော့ရဲခြင်းကြောင့် ရာဇဝတ်မှုများ ဆက်လက် တိုးပွါးလာနိုင်သဖြင့် ရာဇဝတ်မှုခင်း ကျဆင်းအောင် ဆောင်ရွက်ရာ တွင် အခြေခံလူတန်းစားများ၏ စီးပွါးရေးအဆင်ပြေအောင် ဆောင်ရွက်ပေးရန် ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
၅.၅.၇. ဖွံ့ဖြိုးတိုးတက်ရေး
(၁) ရခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခပြင်းထန်၍ တရားဥပဒေစိုးမိုးရေး လျော့ရဲနေချိန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်ပေါ်နေချိန်တွင် ၂၀၂၀ ခုနှစ်အတွင်း အကောင် အထည်ဖော်မည့် ဖွံ့ဖြိုးရေး စီမံကိန်းများအား အများအပြားချမှတ်ထားရာ လက်တွေ့ အခြေအနေနှင့် မကိုက်ညီသဖြင့် အောင်မြင်နိုင်ခြေ နည်းပါပြီး၊ အကယ်၍ အောင်မြင်ခဲ့ လျင်လည်း ဒေသခံ အခြေခံလူတန်းစားများအတွက် ထိုက်သင့်သည့် အကျိုးခံစားခွင့်ကို အမှန်တကယ် ရရှိစေနိုင်မည်မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ အတွက်သာ အဓိက အကျိုးဖြစ်ထွန်းစေမည်ဟု ယူဆရသဖြင့် ဖြစ်တန်စွမ်းနှင့် ရခိုင်ပြည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု၊ ရခိုင်ပြည်သူလူထု၏ လူမှု-စီးပွါးရေးအပေါ် ထိခိုက်နိုင်မှုအတွက် EIA, SIA များကို သီးခြားလွတ်လပ်သည့် အရပ်ဘက်အဖွဲ့ အစည်း များဖြင့် ပြုလုပ်ခွင့် ပေးသင့်သည်။ အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်နေသော အစိုးရနှင့် ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမြတ်ငွေမျှဝေသုံးစွဲရေး အစီအစဉ်များကိုလည်း ပြည်သူလူထုတရပ်လုံး သိရှိစေရန် ပွင့်လင်းမြင်သာမှုရှိသင့်သည်။
၅.၅.၈. သဘာဝပတ်ဝန်းကျင်
(၁) မဒေးကျွန်းအနီး ရေထုညစ်ညမ်းမှုမှာ ၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၀ တွင် (၃) ကြိမ်ရှိခဲ့ပြီ ဖြစ်သော်လည်း အစိုးရအနေဖြင့် တိကျသည့်အဖြေတခု ထုတ်ပြန်ရန် ပျက်ကွက် နေခြင်း မှာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအား မေးခွန်းထုတ်စရာ ဖြစ်နေ သဖြင့် ရခိုင်ပြည်ရှိ သယံဇာတထုတ်ယူရေးနှင့်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုများ အားလုံးကိုပင် ပြန်လည်သုံးသပ်သင့်သည်။
၅.၅.၉. ယဉ်ကျေးမှု
(၁) နှစ်ဖက်လက်နက်ကိုင်တပ်များ အနေဖြင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေတွင် တိုက်ပွဲဖော် ထုတ်ခြင်း၊ မြန်မာအစိုးရ တပ်မတော်အနေဖြင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာ (၃၀) မှ ဘုန်းကြီးကျောင်းများတွင် စခန်းချနေထိုင်ခြင်းတို့မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း များနှင့် ဆန့်ကျင်နေသဖြင့် ဆင်ခြင် ထိန်းသိမ်းသင့်သည်။