မြန်မာ့တပ်မတော်မှ နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူခြင်းအပေါ် ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

February 10, 2021 AASYC 0

၁။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သန္ဓေတည်စေခဲ့သည့် ဗမာစစ်အုပ်စု၏ လမ်းပြမြေပုံ (၇) ဆင့်အား အဆင့်တိုင်းတွင် ဆန့်ကျင်တိုက်ဖျက်ခဲ့သည်။ ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံနှင့် စင်ပြိုင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ နှင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးဖြစ်စဉ်များတွင်လည်း တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သည်။ ထိုလှုပ်ရှားမှုများမှမှ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့သည့် အဆင့်ထိ ရောက်ရှိခဲ့သည်။ ဗမာစစ်အုပ်စု၏ (၂၀၀၈) ဖွဲ့စည်းပုံအတည်ပြုရေး ဖြစ်စဉ်တွင် နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုလည်း သမိုင်းဝင် “Vote No Campaign” လှုပ်ရှားမှုဖြင့် တိုက်ပွဲဝင်ခဲ့သည်။ ထိုမျှမက (၉၀) ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအောက်သို့ဝင်လျှင် (၀ါ) ရွှေဂုံတိုင်ကြေငြာချက်မှ နောက်တလှမ်းဆုတ်၍ ရပ်တည်လျှင် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးများတွင် ပေးဆပ်စွန့်လွှတ်ခဲ့ကြသူများအား သစ္စာဖောက်ရာရောက်ကြောင်းလည်း သတိပေးခဲ့ သည်။